ဒေသတွင်း နိုင်ငံတွေ မတည်မငြိမ်ဖြစ်အောင် ဗင်နီဇွဲလားနိုင်ငံက ကြိုးပမ်းနေတယ်လို့ ဘိုလီးဗီးယား ကြားဖြတ်အစိုးရက ဒီဇင်ဘာလ ၂ ရက်နေ့မှာ စွပ်စွဲလိုက်ပါတယ်။
မကြာသေးခင်ရက်တွေက ဘိုလီဗီးယားမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု အားလုံးကို ဗင်နီဇွဲလား လွှတ်တော်ဥက္ကဋ္ဌဟောင်း ဒီယိုဆာတို ကာဘယ်လိုကနေတဆင့် သမ္မတ မာဒူရိုက ငွေကြေး ထောက်ပံ့ခဲ့တယ်လို့ ဘိုလီးဗီးယားအစိုးရ ဝန်ကြီးက စွပ်စွဲပြောကြားပါတယ်။
အကြမ်းဖက်ဖြစ်စဉ်တွေကို ကိုလံဘီယာ၊ ချီလီနဲ့ ပီရူးနိုင်ငံတွေ လက်ရှိ တွေ့ကြုံနေပြီး ဒါဟာ ဘိုလီးဗီးယား တနိုင်ငံတည်း မဟုတ်ဘဲ လက်တင်အမေရိကနိုင်ငံတချို့အပေါ် ထိခိုက်အောင် ပူးပေါင်းကြံစည်တာပဲလို့ ဝန်ကြီး အာသူရိုမိုရီလိုက ပြောပါတယ်။
ဘိုလီးဗီးယား သမ္မတဟောင်းနဲ့ ဒုသမ္မတဟောင်းတို့ဟာ မူးယစ်အကြမ်းဖက်မှု အစီအစဉ်နဲ့ ဆက်နွှယ်တယ်ဆိုပြီးလည်း ဆန်တာခရုဇ် ရဲတပ်ဖွဲ့က ကားချပ်အသုံးပြု ရှင်းပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဘိုလီးဗီးယား ကြားဖြတ်အစိုးရဟာ သမ္မတဟောင်း မိုရာလက်စ်ကို နိုင်ငံတော် ပုန်ကန်မှု၊ အကြမ်းဖက်မှုတွေနဲ့ တရားစွဲဆိုခဲ့သလို အာဏာပိုင်တွေကလည်း မိုရာလက်စ် မဟာမိတ်တွေကို အကျင့်ပျက်ခြစားမှု၊ နိုင်ငံရေး မတည်ငြိမ်အောင် ဖန်တီးမှုတွေနဲ့ စွပ်စွဲပြီး စုံစမ်းရေး စတင်လုပ်ဆောင်နေပါတယ်။
3 years Ago