မစ်ဇူရီပြည်နယ်

May 24, 2019

အမေရိကန်အလယ်ပိုင်းကို လေဆင်နှာမောင်း ဝင်ရောက်၊ ၃ ဦးထက်မနည်း သေဆုံး

အမေရိကန်နိုင်ငံအလယ်ပိုင်း မစ်ဇူရီပြည်နယ်မှာ လေဆင်နှာမောင်း ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် လူ ၃ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက မေလ ၂၃ ရက်နေ့မှာ ပြောပါတယ်။ ဒါ့အပြင် အိုကလာဟိုးမားပြည်နယ်မှာ ဆိုးဆိုးရွားရွား ရေကြီးနေတယ်လို့လည်း သိရပါတယ်။ မစ်ဇူရီပြည်နယ် ဂျက်ဖာဆင်စီးတီးမြို့မှာ အားပြင်းတဲ့ လေဆင်နှာမောင်းတခု ဝင်ရောက်တာကြောင့် အပျက်အစီး များခဲ့ပေမယ့် သေဆုံးသူ မရှိပါဘူး။ ဒါ့အပြင် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ဂျော်ပလင်မြို့မှာလည်း လေဆင်းနှာမောင်းတခု တိုက်ခတ်ခဲ့ပါသေးတယ်။ မေလ ၂၃ ရက်နေ့က သုံးယောက်သေဆုံးတာ အပါအဝင် အခုအပတ်တွင်း ရာသီဥတုကြောင့် သေဆုံးသူ အရေအတွက် ၇ ယောက်အထိ ရှိလာပါပြီ။ ဒဏ်ရာရသူ အယောက် ၂၀ လောက် ဆေးရုံတက်ခဲ့ရပေမယ့် အခုချိန်မှာတော့ တော်တော်များများ သက်သာလို့ ပြန်ဆင်းသွားကြပြီလို့ မစ်ဇူရီပြည်နယ် အုပ်ချုပ်ရေးမှူး မိုက်ခ် ပါဆန်က ပြောပါတယ်။ ဒါ့အပြင် မိုးရွာသွန်းတာနဲ့ လေပြင်းတိုက်ခတ်တာတွေ ဆက်ပြီး အားကောင်းနေလိမ့်မယ်လို့လည်း မိုးလေဝသ ခန့်မှန်းသူတွေက ပြောထားပါတယ်။
2 years Ago

March 28, 2019

မစ်ဇူရီပြည်နယ်ရှိ သမိုင်းဝင် ရှေးဟောင်းလက်ရေးမူများ ထိန်းသိမ်းထားသည့် ပြတိုက် မီးလောင်

အမေရိကန်နိုင်ငံ မစ်ဇူရီပြည်နယ်က သမိုင်းဝင် ရှေးဟောင်းလက်ရေးမူတွေ ထိန်းသိမ်းထားတဲ့ ပြတိုက်တခု မတ်လ ၂၆ ရက်နေ့က မီးလောင်ခဲ့ပါတယ်။ အဲဒီပြတိုက်မှာ ရှေးဟောင်းလက်ရာတွေ စုဆောင်းသူ ဒေးဗစ် ကာပဲလက်စ်ရဲ့ သမိုင်းဝင် ရှေးဟောင်းပစ္စည်းတချို့ကို စုစည်းပြသထားတာပါ။ အဲဒီထဲမှာ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမဆုံးမူကြမ်း အပါအဝင် ရူပဗေဒပညာရှင် အိုင်းစတိုင်းရဲ့ E=mc2 သီအိုရီ လက်ရေးမူစာရွက်နဲ့ အမေရိကန် အဘိဓာန်ပြုစုသူ နော့ဝက်ဘ်စတာရဲ့ ပထမဆုံး အဘိဓာန်တို့ ပါပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာဘာဘရာမြို့မှာ လက်ရှိနေထိုင်နေတဲ့ ဒေးဗစ်ကာပဲလက်စ်ကတော့ ပြတိုက်မီးလောင်တာကြောင့် တော်တော်လေး စိုးထိတ်မိတယ်လို့ ဒေသခံ မီဒီယာတွေကို ပြောပါတယ်။ စိန့်လူးဝစ် မီးသတ်ဌာနက မီးငြှိမ်းသတ်ဖို့ မီးသတ်ကား ၂၄ စီး စေလွှတ်ခဲ့ပါတယ်။ မီးသတ်သမားတွေအနေနဲ့ ပြတိုက်ထဲက ရှေးဟောင်း သမိုင်းဝင်ပစ္စည်းတွေကို ကာကွယ်ဖို့ ကြိုးစားငြှိမ်းသတ်ခဲ့ကြတယ်လို့ မီးသတ်အကြီးအကဲ ဒန်းနစ် ဂျန်ကာဆန်က ပြောပါတယ်။ အဲဒီပြတိုက်မှာ ၂ နာရီလောက်ကြာအောင် မီးလောင်နေခဲ့တယ်လို့ အနားက ဒေသခံတဦးကလည်း ပြောပါတယ်။ ၃ ထပ်အမြင့်ရှိတဲ့ အဲဒီပြတိုက်ကို မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ မီးသတ်ဌာနက တွစ်တာ လူမှုကွန်ရက်မှာ အတည်ပြု ဖော်ပြခဲ့ပါတယ်။
3 years Ago
Up