မစ်ဆူဘီရှီထုတ် ကား ၆ သိန်းကျော် ဆီစားနှုန်းအမှန်မပြဘဲ လိမ်လည်ထားဟု ၀န်ခံ

A d v e r t i s e m e n t With Us

April 21, 2016

မစ်ဆူဘီရှီထုတ် ကား ၆ သိန်းကျော် ဆီစားနှုန်းအမှန်မပြဘဲ လိမ်လည်ထားဟု ၀န်ခံ

ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီကြီး မစ်ဆူဘီရှီက ထုတ်လုပ်တဲ့ ကား ၆ သိန်းကျော်မှာ လောင်စာဆီစားနှုန်း အမှန်မပြအောင် လိမ်လည်ထားတယ်လို့ ကုမ္ပဏီ အရာရှိကြီးတွေက ဧပြီ ၂၀ ရက်နေ့မှာ ၀န်ခံပြောဆိုလိုက်ပါတယ်။ မစ်ဆူဘီရှီကုမ္ပဏီဟာ ဂျပန်နိုင်ငံမှာ ၆ ခုမြောက် အကြီးဆုံး မော်တော်ကား ကုမ္ပဏီကြီးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ကားအစီးရေ ၁ သန်းကျော် ရောင်းချနိုင်ခဲ့ပါတယ်။ အခုလို ဆီစားနှုန်း လိမ်လည်မှု စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် လောလောဆယ် ကားထုတ်လုပ်မှုကိုရော၊ ရောင်းချမှုကိုပါ ရပ်ဆိုင်းလိုက်ပြီး ကုမ္ပဏီက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်မယ်လို့ ပြောပါတယ်။ ကုမ္ပဏီဥက္ကဋ္ဌ တက်ဆူရို အိုင်ကာဝါ (Tetsuro Aikawa) အပါအ၀င် ကုမ္ပဏီအရာရှိကြီးတွေ ဧပြီ ၂၀ ရက်နေ့က တိုကျိုမြို့တော်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပြီး ဒီလိမ်လည်မှု ဖြစ်ခဲ့တဲ့အတွက် အနူးအညွတ် တောင်းပန်ခဲ့ပါတယ်။ ဒီကိစ္စကို ဂျပန်သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနကိုလည်း အကြောင်းကြားထားပြီလို့ ပြောပါတယ်။ မစ်ဆူဘီရှီတံဆိပ်နဲ့ ထုတ်လုပ်တဲ့ ကား ၁ သိန်းခွဲကျော်နဲ့ နစ်ဆန်းကုမ္ပဏီအတွက် ထုတ်လုပ်ပေးတဲ့ ကား ၄ သိန်း ၆ သောင်းကျော်မှာ ဒီဆီစားနှုန်း မမှန်တဲ့ပြဿနာ  တက်ခဲ့တာပါ။ ဒီပြဿနာကို နစ်ဆန်းကုမ္ပဏီက အရင်ဆုံး တွေ့ရှိခဲ့ပြီး မစ်ဆူဘီရှီကုမ္ပဏီက ဆက်ပြီး စုံစမ်းကြည့်တဲ့အခါမှ ကားအစီး ၆ သိန်းကျော်မှာ ဆီစားနှုန်း လိမ်လည်ထားတာ တွေ့ရှိခဲ့တာပါ။ ဒီသတင်းကြောင့် မစ်ဆူဘီရှီကုမ္ပဏီ အစုရှယ်ယာဈေးတွေ တရက်တည်း ၁၅ ရာခိုင်နှုန်း ကျဆင်းသွားပြီး ၁၂ နှစ်အတွင်း တရက်တည်း အများဆုံးကျဆင်းမှု ဖြစ်ပါတယ်။
5 years Ago
Up