မင်းလှ

A d v e r t i s e m e n t With Us

December 6, 2020

မင်းလှတွင် ကိုဗစ်-၁၉ လူနာသစ် ၁၁ ဦး ထပ်တွေ့၊ စုစုပေါင်း ၂၁၂ ဦး ရှိလာ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၁ ဦး ထပ်မံတွေ့ရှိတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက  မနေ့ညမှာ ထုတ်ပြန်ပါတယ်။ ခရီးသွားရာဇဝင်မရှိသူ ၅ ဦးနဲ့ ရန်ကုန်ပြန် ၆ ဦးတို့မှာ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့တာလို့ သိရပါတယ်။  ခရီးသွားရာဇဝင်မရှိတဲ့ အသက် ၈၇ နှစ်အရွယ် အမျိုးသားတစ်ဦး အသက်ရှူကျပ်‌ ဝေဒနာခံစားရတာကြောင့် ဓာတ်ခွဲနမူနာယူ ပေးပို့စစ်ဆေးရာ ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် သားစုဝင် ၈ ဦးအား RDT Test Kit နဲ့ စစ်ဆေးရာ ၄ ဦးမှာ ‌ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာလို့ မင်းလှမြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်းက ပြောပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၃ ရက်နေ့က ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တဲ့ မင်းလှမြို့မရဲစခန်းက ရဲမေတစ်ဦးနဲ့ ထိတွေ့ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ အချုပ်သားတွေကို စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ ဘူးလို့ သိရပါတယ္။ မင်းလှမြို့မှာ ဒေသတွင်း ကူးစက်မှု‌တွေများ‌လာတာကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးဌာနက ညွှန်ကြားချက်အတိုင်း နေထိုင်ပြီး လူစုလူဝေးရှောင်ကြဉ်ဖို့၊ တတ်နိုင်ပါက အပြင်မထွက်ဖို့၊ အပြင်ထွက်လည်း Mask တပ်ဖို့ လက်ဆေးဖို့ လိုအပ်ကြောင်း ‌ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။ မင်းလှမြို့နယ်မှာ ဒီဇင်ဘာ ၅ ရက်နေ့အထိ အတည်ပြုလူနာ ၂၁၂ ဦးထိ ရှိလာပြီး ဆေးရုံဆင်းခွင့်ရရှိသူ  ၈၈ ဦးနဲ့ ဆေးကုသပေးနေသူ  ၂၄ ဦး ရှိတယ်လို့ သိရပါတယ်။ သက်နိုင်ဝင်း
2 months Ago

December 4, 2020

မင်းလှမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် အမျိုးသမီး ၁ ဦး ကိုဗစ်-၁၉  ရောဂါကူးစက်ခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ မင်းလှမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် အမျိုးသမီး တစ်ယောက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့  မင်းလှကျန်းမာရေးဦးစီးဌာနရဲ့ ဒီဇင်ဘာ ၃ ရက်နေ့ညနေ ထုတ်ပြန်ချက်အရ သိရပါတယ်။ အခုပိုးတွေ့လူနာ ရဲတပ်ဖွဲ့ဝင် အမျိုးသမီးဟာ အနံ့မရလို့ ဆေးရုံလာပြတာကြောင့် RDT Test Kit  နဲ့စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ မင်းလှမြို့နယ် ဆရာဝန်ကြီး  ဒေါက်တာလှဝင်းက ပြောပါတယ်။ အတည်ပြုလူနာနဲ့ ထိတွေ့မိသူတွေကို စာရင်းပြုစုနေပြီး Quarantine ထားရှိကာ  ရောဂါပိုးရှိ/မရှိစစ်ဆေးသွားမယ်လို့ ဒေါက်တာလှဝင်းက ဆိုပါတယ်။ ပိုးတွေ့ရှိတဲ့ မင်းလှမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်အမျိုးသမီးဟာ  အုတ်ဖိုမြို့နယ်မှာ နေထိုင်သူ ဖြစ်ပြီး  အုတ်ဖိုမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့  ရဲတပ်ဖွဲ့ဝင် ၈  ယောက် ရှိပြီလို့သိရပါတယ်။ အတည်ပြုလူနာရဲတပ်ဖွဲ့ဝင် အမျိုးသမီးနဲ့ ထိတွေ့မိတဲ့ ရဲတပ်ဖွဲ့ဝင်  ၁၀ ယောက် လောက်ကို Quarantine ထားရှိထားပြီး မင်းလှမြို့မ ရဲစခန်းကိုတော့ လော့ဒေါင်းချထားတာ မရှိပါဘူးလို့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မိုးဝင်းက  ပြောပါတယ်။ ဒီဇင်ဘာလ ၃ ရက်နေ့ည‌နေအထိ မင်းလှမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ အယောက်  ၂၀၀ အထိရှိလာပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၁၈၅ ယောက်နဲ့ ဆေးကုသမှုခံယူနေသူ  ၁၅ ယောက် ရှိပါတယ်။ သက်နိုင်ဝင်း
2 months Ago
More News
Up