မင်းဘူး

August 28, 2021

မင်းဘူးတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ ခရိုင်ရဲမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ မင်းဘူးမြို့မှာ သြဂုတ် ၂၇ ရက်နေ့ည ၇ နာရီဝန်းကျင်လောက်က အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး မင်းဘူးခရိုင်ရဲမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

ရဲစခန်းနဲ့နီးစပ်သူတဦးက “အမှတ် ၄ မမင်းဘူးရပ်ကွက်မှာ ည ၇ ခွဲလောက်က အပြန်အလှန် ပစ်ခတ်သံတွေလည်းကြားရတယ်။ မမင်းဘူးရပ်ကွက်ရဲ့ အနောက်ဘက် မကျီးချောင်းရွာနားက ခရိုင်ရဲမှူးရုံးလည်း ဗုံးနှစ်လုံးနဲ့တိုက်ခိုက်တာ တစ်လုံးပေါက်ကွဲပြီး တလုံးကမပေါက်လို့ ရှာနေကြတယ်။ ပျက်စီးမှုတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

အခုဗုံးခွဲတိုက်ခိုက်မှုကို မင်းဘူး-စကုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (M.S PDF) က ပဏာမသတိပေး ခြိမ်းခြောက်မှုတခုအနေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူလူထုကို မတရားအနိုင်ကျင့်မှုတွေ ဆက်လက်လုပ်ဆောင်နေပါက တိုးမြှင့်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အပြန်အလှန်ပစ်ခတ်မှုနဲ့ ဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် သေဆုံး ဒဏ်ရာရမှုအခြေအနေကိုတော့ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

3 months Ago

July 9, 2021

မင်းဘူးမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး သေဆုံး

မကွေးတိုင်း၊ မင်းဘူးမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ အသက် ၇၁  နှစ်အရွယ် အမျိုးသမီးတစ်ဦး ဇူလိုင် ၈ ရက် မနေ့ မနက်ပိုင်းက သေဆုံးသွားပါတယ်။

သေဆုံးသူအမျိုးသမီးဟာ မင်းဘူးမြို့၊ အမှတ် ၂ ရပ်ကွက်နေသူဖြစ်ပြီး ဇူလိုင် ၇ ရက်နေ့ နေ့လယ်က မင်းဘူးခရိုင်ပြည်သူ့ဆေးရုံမှာ ဆေးစစ်ရာက ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပြီး  ခရိုင်ပြည်သူ့ဆေးရုံ သီးသန့်ဆောင်မှာ ဆေးကုသမှုခံယူရင်း လူနာရဲ့ရောဂါအခံကြောင့် သေဆုံးသွားတာလို့ ခရိုင်ပြည်သူ့ဆေးရုံ တာဝန်ရှိသူတစ်ဦးက ပြောတယ်။

မင်းဘူးမြို့မှာ  ဇူလိုင်လ ၈ ရက် မနက်အထိ  ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၄၅ ဦးတွေ့ရှိထားပြီး ကိုဗစ်-၁၉ တတိယလှိုင်းမှာ  မင်းဘူးမြို့နယ်အတွင်း  ပိုးတွေ့အတည်ပြုလူနာ ပထမဆုံး သေဆုံးတာလို့ သိရပါတယ်။

5 months Ago
More News
Up