မင်းပြားမြို့နယ်တွင် လက်နက်ကြီးကျည်ကျ၍ ရွာသား ၇ ဦး ဒဏ်ရာရ၊ ၂ ဦး စိုးရိမ်ရ

December 11, 2019

မင်းပြားမြို့နယ်တွင် လက်နက်ကြီးကျည်ကျ၍ ရွာသား ၇ ဦး ဒဏ်ရာရ၊ ၂ ဦး စိုးရိမ်ရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကုလားမတောင်ကျေးရွာကို လက်နက်ကြီးကျည် ၅ လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျေးရွာသား ၇ ယောက်ထိခိုက်ဒဏ်ရာရပြီး  ၂ ယောက် အခြေအနေစိုးရိမ်ရတယ်လို့ ကျေးရွာသားတွေက ဒီဗွီဘီကိုပြောပါတယ်။ ဒီဇင်ဘာ ၁၁ ရက် မနက် ၉ နာရီလောက်က တပ်မတော်ကနေရာယူထားတဲ့ မင်းပြားမြို့ ကျိန်တောင်ကနေ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာကို လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်လို့ ဆက်တိုက်ဆို သလို လက်နက်ကြီးကျည်က ကုလားမတောင်းကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့လို့ ကျေးရွာသား သုံးယောက်ထိခိုက်ဒဏ်ရာရ ရှိခဲ့တာပါ။ ကျေးရွာသားတဦးဖြစ်တဲ့ ဦးဝေနုက “ကျနော်ရွာနဲ့ ၃ မိုင်လောက် ကျော်လောက်ဝေးတဲ့ မင်းဖူးတောင်ဆိုတဲ့တောင်မှာ တိုက်ပွဲဖြစ်ကြတယ်။ မနက်အစောကြီး ၄ နာရီ လောက်မှာဖြစ်တာ။ ၉ နာရီလောက်မှာ လက်နက်ကြီးကျတော့ ရွာအလယ်လက်နက်ကြီး တလုံးကျတယ်။ ကျနော်အိမ် ကို အရင်ကျတာ။ ပြီးတော့ နောက်ထပ် ၄ လုံးကျတယ်။ စုစုပေါင်း၅ လုံးကျတယ်။ အဲ့ဒီမှာ အိမ်နားက လင်မယားဒဏ်ရာရတယ်။” လို့ ပြောပါတယ်။ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “တပ်မတော် ဘက်ကနေ မင်းပြားကျိန်းတောင်ဘက် လက်နက်ကြီး ပစ်နေတယ်။ အဲ့ဒီ မင်းဖူးတောင်ဖက်နဲ့ ကုလားမှတောင်ဘက်ကို လှမ်းပစ်နေတာလို့ ထင်ရတယ်။ ရွာကလူတွေ ထိခိုက်ဒဏ်ရာရတယ်လို့ ကြားထားတယ်။ စုစုပေါင်း ၇ ယောက်လို့ သိထားတယ်။”လို့ ပြောပါတယ်။ ကုလားမတောင်ကျေးရွာက ထိခိုက်ဒဏ်ရာရရှိသွားတဲ့သူတွေကတော့ ဦးထွန်းစိန် တို့ လင်မယားနှစ်ယောက်နဲ့ ဒေါ်မမြသန်းတို့ ဖြစ်ကြပြီး လင်မယားနှစ်ယောက်က ဒဏ်ရာပြင်းထန်တာ ကြောင့် အခြေအနေစိုးရိမ်ရတယ်လို့ ကျေးရွာသားတွေကပြောပါတယ်။ နောက်ဆုံးသတင်းအရ လက်နက်ကြီးကျလို့ ရွာကအိမ်တလုံးမီးလောင်သွားပြီး နောက်ထပ် ကျေးရွာသား ၂ ယောက်လည်း ဒဏ်ရာရရှိသွားတယ်လို့ ကျေးရွာသားတွေက ပြောဆိုပါတယ်။ ကျေးရွာအတွင်းကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းကို ဖုန်းဆက်မေးမြန်းရာမှာ အခြေအနေတွေကို သက်ဆိုင်ရာကိုတင်ပြပေးမယ်လို့ ဖြေကြားပါတယ်။
2 years Ago
Up