ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကျောက်မော်ကျေးရွာက သားအဖ ၂ ဦး၊ ပြိုင်းချောင်း ကျေးရွာနဲ့ ငန်းတက်ကျေးရွာက လူငယ် ၂ ဦး စုစုပေါင်း ၄ ဦးကို တပ်မတော် တပ်မ ၃၇၃ စစ်ကြောင်းက ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျေးရွာသားတွေက ပြောပါတယ်။
နိုဝင်ဘာ ၂၄ ရက် မနက်ပိုင်းမှာ မင်းပြားမြို့နယ် ပြိုင်းချောင်းကျေးရွာနဲ့ ငန်းတက် ကျေးရွာကိုတပ်မတော် စစ်ကြောင်းရောက်ရှိလာပြီး လမ်းပြအဖြစ် ခေါ်သွားတာလို့ ကျောက်မော်ကျေးရွာသား တဦးက ပြောပါတယ်။
“မနက်ပိုင်းမှာ တပ်မတော်စစ်ကြောင်းက ပြိုင်ချောင်းကျေရွာကို ရောက်လာတယ်။ အဲ့ဒီမှာ ပြိုင်ချောင်းကျေးရွာက လူငယ်တယောက်အထုပ်တွေ ထမ်းဖို့ခေါ်တယ်။ ပြီးတော့ငန်းတက်ကျေးရွာ က လူငယ်တယောက်ကိုလည်းအထုပ်ထမ်းဖို့ခေါ်တယ်။ တယောက်က ရွာပြင်မှာ စပါးရိတ်သိမ်း နေတာ။ သူတို့နှစ်ယောက်ကိုတော့ မနက်ပိုင်းခေါ်တာပေါ့ နေ့လယ်ပိုင်းမှာတော့ ကျောက်မော်ကျေးရွာက သားဖနှစ်ယောက်အိမ်ကိုဝင်လာပြီးတော့ ဖမ်းခေါ်သွားတာ”
နိုဝင်ဘာ ၂၄ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်မှာ ကျောက်မော်ကျေးရွာနဲ့ ပြိုင်းချောင်းကျေးရွာကြားမှာ ဗုံးတလုံး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ကျောက်မော်ကျေးရွာက သားဖနှစ်ယောက်ကို သူတို့ရဲ့ လယ်ကွင်းပြင်မှာဗုံးပေါက်တယ်လို့ဆိုပြီး အိမ်ကို လာရောက်ဖမ်း သွားတာလို့ ကျေးရွာသားတွေကပြောပါတယ်။
လက်ရှိ တပ်မတော်စစ်ကြောင်းအင်အား ၆၀ လောက်ဟာ ဖုံသာကျေးရွာမှာ ရှိနေပြီး အဲ့ဒီ ဖမ်းဆီးထားတဲ့ ကျေးရွာသားလေးဦးဟာ တပ်မတော်စစ်ကြောင်းနဲ့ အတူရှိနေတယ်လို့ သွားရောက်တွေ့ဆုံခဲ့သူ ပြိုင်းချောင်းကျေးရွာကဖမ်းဆီးခံထားရသူ ကိုသိန်းထွန်းအေး မိခင်က ပြောဆိုပါတယ်။
“ကျမက သွားလာလို့ မရပါဘူး။ လက်တွန်းလှည်းနဲ့တွန်းပြီးတော့ သားဖမ်းထားတဲ့နေရာကို ရောက်အောင်သွားခဲ့ပါတယ်။ အဲ့ဒီကိုရောက်တော့ စစ်သားတွေကို အကျိုးအကြောင်း ပြောပြပါတယ်။ သူတို့ကပြောတော့ လွှတ်ပေးမယ်လို့ပြောတယ်။ ဒါပေမယ့်ဒီနေ့ ၃ ရက်ရှိပြီ၊ မလွှတ်သေးဘူး။ ဖမ်းထားတာ။ ကျမစိုးရိမ်ပါတယ်။ သားကိုလည်းတွေ့ခွင့်မရခဲ့ပါဘူး။ သားအခြေအနေကိုလည်းကျမမသိခဲ့ရပါဘူး။”
ကျောက်မော်ကျေးရွာမှာတပ်မတော်စစ်ကြောင်းက နှစ်ညအိပ်နားပြီးတော့ အဲ့ဒီကျေးရွာမှ ချောင်းတဘက်ကမ်းမှာရှိတဲ့ ဖုံးသာကျေးရွာကိုခေါ်သွားတဲ့အချိန်မှာ ပြိုင်းချောင်း ကျေးရွာနဲ့ ငန်းတက်ကျေးရွာက လူငယ်နှစ်ယောက်ကို အပေါ်ဝတ်အင်္ကျီ ချွတ်ပြီး စစ်သားအင်္ကျီကို ဝတ်ဆင်းခိုင်တာတွေ့မြင်ခဲ့ရတယ်လို့ ကျောက်မော်ကျေးရွာသားတွေက ပြောပါတယ်။
အမည်မဖော်လိုသူ ကျောက်မော်ကျေးရွာသားတဦးက “အရပ်ဝတ်အင်္ကျီကို ချွတ်ပြီးတော့ စစ်သားအင်္ကျီဝတ်တယ်။ ပြိုင်းချောင်နဲ့ ငန်းတက်ကျေးရွာက လူငယ်နှစ်ယောက်ဝတ်တာ။ ကျနော်တို့ ရွာဘက်ကနေ ဖုံသာကျေးရွာစက်လှေနဲ့ ကူးရတာ၊ ရွာသားတွေက အားလုံးမြင်ပါတယ်။ ဒီအတိုင်း၊ သေနတ်တော့ မလွယ်ခိုင်းဘူး။”လို့ ပြောပါတယ်။
ဖမ်းဆီးခံနေရတဲ့ ပြိုင်ချောင်းကျေးရွာက ကိုသိန်းထွန်းအေးနဲ့ ငန်တက်ကျေးရွာ ကိုအောင်ကျော်ဝင်းတို့ အပါအဝင်ကျောက်မော်ကျေးရွာက သားဖနှစ်ယောက်တို့ကိုလွှတ်ပေးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ မိသားစုတွေက သွားရောက် တွေ့ဆုံ ပြောဆိုခဲ့ပေမယ့်တွေ့ဆုံခွင့်မရဘဲ ပြန်လှည့်ပြန်ခဲ့ရတယ်လို့ မိသားစုတွေက ပြောပါတယ်။
အခုကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်ဇော်ဦးကို မေးမြန်းရာမှာ “ကျနော်တို့တပ်တွေ အဲ့ဒီမှာမရှိဘူး ခင်ဗျ၊ အဲ့ဒါတော့ ကျနော်မသိဘူး။ အဲ့လောက်ပဲ ပြောလို့ရမယ်။”
ဖမ်းဆီးခံထားရတဲ့ ရွာသားတွေကိစ္စ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကို ပြောပြထားပြီး မသင်္ကာလို့ စစ်ဆေးပြီးရင် ပြန်လွှတ်ပေးဖို့လည်း ပြော ထားတယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။
3 years Ago