မင်းပြား

May 31, 2021

မင်းပြားမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွား၊ တစ်နှစ်အောက်ကလေး ၇ ဦး သေဆုံး

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ နဂရာကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာမှာ မေ ၂၆ ရက်ကတည်းက ဝမ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားနေတာကြောင့် တနှစ်အောက်ကလေးငယ် ၇ ယောက် သေဆုံးခဲ့ကာ လူ  ၂၀၀ ကျော် ကူးစက်ခံထားရတယ်လို့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းက ပြောပါတယ်။

“ဝမ်းလျှောကြတယ်၊ အစားအသောက်ကြောင့်ဖြစ်ကြတာလည်း ပါတာပေါ့။ ရေကလည်း မသန့်ရှင်းတာ ပါတာပေါ့။ ၂၇ ရက်က ၂၉ ရက်ထိ တနှစ်အရွယ် ကလေး ၁ ယောက်ရယ်၊ လသားအရွယ် ၅ ယောက်၊ အဲဒီရွာနဲ့ကပ်ရက်ရွာက လသားအရွယ် ၁ ယောက် သေတယ်။ ဆေးရုံတင်ထားရတဲ့သူတွေလည်း ရှိတယ်။”

လတ်တလော ဆရာဝန်ရဲ့ ကွင်းဆင်းစစ်ဆေးချက်အရ လူ ၂၁၀ လောက် ဝမ်းပျက်ဝမ်းလျှော ဖြစ်နေပြီး ရေကို ကျိုချက်သောက်သုံးကြဖို့၊ အိမ်သာကို သန့်သန့်ရှင်းရှင်းထားဖို့နဲ့ စားတာ သောက်တာတွေကို ဆင်ခြင်ဖို့  ပညာပေးစကားပြောတယ်လို့  ဦးအောင်သိန်းက ပြောပါတယ်။

ပေါက်တောကျေးရွာမှာ မသန့်ရှင်းတဲ့ရေကြောင့် ဝမ်းလျှောရောဂါဖြစ်နေတာ သိရတဲ့အတွက် မိမိရေသန့်စက်ရုံကထွက်တဲ့ ရေသန့်ကို သွားရောက်လှူဒါန်းခဲ့တယ်လို့ ပရဟိတ လုပ်ကိုင်နေတဲ့ ကိုအမ်းသားကြီးက ပြောပါတယ်။

ပေါက်တောကျေးရွာမှာ နေထိုင်တဲ့ လူဦးရေ ၄,၀၀၀ ကျော်မှာ  ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နေသူ ၂၀၀ ကျော်ရှိပြီး ပန်းမြောင်းဆေးရုံမှာ တက်ရောက် ကုသနေသူ  ၅ ဦး ရှိတယ်လို့ သိရပါတယ်။

5 months Ago

October 4, 2020

မင်းပြား၊ ရသေ့တောင်တို့တွင် တပ်မတော်နှင့်အေအေ တိုက်ပွဲအပြင်းအထန် ဖြစ်ပွား

မင်းပြားမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တို့မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ အောက်တိုဘာ ၃ ရက်နေ့က တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားပြီး တပ်မတော်ဘက်က ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေက DVB ကို ပြောပါတယ်။  အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းက မင်းပြားမြို့နယ် မေလွမ်းကျေးရွာအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှာ တပ်မတော်က အဲဒီနေရာတဝိုက် တောင်တန်းတွေကို ရဟတ်ယာဉ်နှစ်စီးနဲ့ လာရောက် တိုက်ခိုက်ခဲ့တယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။ “မနေ့က ၅ နာရီကျော်လောက်က ဖြစ်တယ်။ တိုက်ပွဲဖြစ်ပွားခဲ့နေရာတွေကို တပ်မတော်က ရဟတ်ယာဉ်တွေ လာရောက်တိုက်ခဲ့တယ်။ ၁၅ မိနစ်လောက် ကြာတယ်။ တိုက်ခိုက်ခဲ့တယ်။ မေလွမ်းကျေးရွာအနားတဝိုက်ကို ပစ်ခတ်တာ၊ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိဘူး။ အဲဒီဘက်တွေက ဖုန်းလိုင်းတွေ သိပ်မကောင်းဘူး။”  ဒါ့အပြင် အောက်တိုဘာ ၃ ရက်နေ့ မနက်ပိုင်းမှာ ရသေ့တောင်မြို့နယ် ကျောက်တန်းတိုက်နယ် ထီးစွဲနဲ့ အောင်သာစည်နားတဝိုက်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီးနောက် အဲဒီနေ့ နေ့လယ်ပိုင်း ၁ နာရီဝန်းကျင်လောက်မှာ တပ်မတော်က ရဟတ်ယာဉ်နှစ်စီး လာရောက်ဗုံးကြဲတိုက်ခဲ့တယ်လို့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။ “တိုက်ပွဲကတော့ မနေ့ ၉ နာရီခွဲလောက် စတယ်။ အရင်ဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ ဖြစ်တယ်။ ဒါပေမဲ့ ဒီတစ်ခါဖြစ်တာက တော်တော်ကို ပြင်းပြင်းထန်ထန်ဖြစ်တယ်။ ဗုံးကွဲတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ အပြန်အလှန်ပစ်ခတ်မှုတွေက တော်တော်ကိုဖြစ်တယ်။ ပြီးတော့ နေ့လယ်ပိုင်းမှာ ရဟတ်ယာဉ်နဲ့ ဗုံးကြဲတယ်။  ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်တယ်။” ရသေ့တောင်မြို့နယ်မှာတော့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေကို လေယာဉ်နဲ့ နာရီဝက်ကြာ ပစ်ခတ်မှုလုပ်ခဲ့သလို နှစ်ဘက် တိုက်ပွဲဖြစ်ပွားမှုကလည်း မနက်ကနေ့ နေ့လယ်ပိုင်းထိ ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ကျောက်တန်းတိုက်နယ် ဒေသခံအုပ်ချုပ်ရေးမှူးတွေကလည်း DVB ကို ပြောပါတယ်။  တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေကို ရသေ့တောင်မြို့ထက် တပ်မတော်တပ်စခန်းတွေနဲ့  ထီးစွဲ ရေစိုးချောင်းဗျူးဟာကုန်းကနေ တပ်မတော်က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ ဦးခင်မောင်လတ်က ပြောပါတယ်။  ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင် ဒုက္ခသည် ၂၂၀၀၀၀ ကျော်ရှိလာနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး (REC) က ဒီရက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
1 year Ago
More News
Up