မင်းတပ်ဒေသခံ

October 1, 2021

တိုက်ပွဲအရှိန်မြင့်လာသဖြင့် မင်းတပ်ဒေသခံ ၁၀၀၀ ခန့် စစ်ဘေးရှောင်

ချင်းပြည်နယ်ထဲမှာ ဒေသတွင်းတိုက်ပွဲတွေအရှိန် မြင့်တက်လာတာကြောင့် မင်းတပ်မြို့နယ်ထဲက ဒေသခံ ၁၀၀၀ နီးပါးလောက်ဟာ ဘုရားကျောင်းတွေဆီမှာ  ထွက်ပြေး ခိုလှုံနေရတယ်လို့ ယူစီအေ သတင်းမှာဖော်ပြပါတယ်။ 

စစ်တပ်ရဲ့ အရပ်သားပြည်သူတွေရဲ့နေအိမ်တွေအပေါ် ခွဲခြားခြင်းမရှိ တိုက်ခိုက်မှုတွေကနေ လွတ်မြောက်ဖို့ သူတို့ရဲ့နေအိမ်တွေကို စွန့်ခွာထွက်ပြေးရတာလို့ ခရစ်ယာန်သတင်းရင်းမြစ်တွေနဲ့ မီဒီယာတွေက ဖော်ပြပါတယ်။ 

စက်တင်ဘာ ၂၂ ရက်က စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် မင်းတပ်မြို့ရှိ ခရစ်ယာန်ဘုန်းတော်ကြီးအိမ်၊ သီလရှင်ကျောင်းနဲ့ ဘော်ဒါဆောင်တို့ အပါအဝင် လူနေအိမ်အတော်များများ ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ 

ခရစ်ယာန်ဘာသာဝင်အများစုပါဝင်တဲ့ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ် ၁၅၀ လောက်ဟာ ကက်သလစ်ဘုရားရှိခိုးကျောင်းမှာ ခိုလှုံခဲ့ကြရပြီး မကွေးတိုင်းအတွင်းက ကျောက်ထုမြို့နယ် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းမှာလည်း လူ ၁၀၀လောက် ခိုလှုံနေရတာပါ။

 Caritas Myanmar အမည်ရှိ နယ်မြေဘုရားရှိခိုးကျောင်းကနေ လူတွေကို အစားအစာနဲ့ နေရာထိုင်ခင်း ထောက်ပံ့ပေးခဲ့ပြီး နောက်ထပ်အမိုးအကာ၊ အစားအစာနဲ့ အစားအသောက် မဟုတ်တဲ့ ပစ္စည်းတွေကို ထောက်ပံ့ဖို့ စီစဉ်နေတယ်လို့ ဘုရားကျောင်းမှ လူမှုရေးလုပ်သား ကိုမန်းက ပြောပါတယ်။ 

ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းကို ရောက်လာတဲ့လူတွေအတွက် ဒါက သူတို့ရဲ့ အိမ်တွေကနေ ထွက်ပြေးရတာ ဒုတိယအကြိမ်ပါလို့ ကိုမန်းက ယူစီအေ သတင်းဌာနကို ပြောပါတယ်။ 

ပထမအကြိမ်ကတော့ မေလတုန်းက မင်းတပ်မြို့နယ်မှာ တိုက်ပွဲတွေဖြစ်တုန်းက ထွက်ပြေးခဲ့ကြတာလို့ ဆိုပါတယ်။  မေလကစပြီး မင်းတပ်မှ လူတစ်သောင်းလောက်ဟာ ဘုရားကျောင်းများ၊ ယာယီစခန်းများနဲ့ ဆွေမျိုးသားချင်း အိမ်တွေဆီ ခိုလှုံခဲ့ကြရပါတယ်။ 

တချို့ခရစ်ယာန်တွေပြောပြချက်အရ ကိုယ့်အိမ်ကိုယ် ပြန်ခဲ့ကြသူ ၄၀၀၀ လောက်ရှိပြီး ကျန် ၆၀၀၀ လောက်ကတော့ ဆွေမျိုးအိမ်တွေနဲ့ ယာယီခိုလှုံရေးစခန်းတွေမှာ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။ 

စက်တင်ဘာ ၁၈ ရက်က စစ်တပ်နဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့နောက် အနည်းဆုံးအိမ် ၁၉ လုံးပျက်စီးပြီး ခရစ်ယာန် သင်းအုပ်ဆရာတစ်ဦး သေဆုံးခဲ့ရအပြီးမှာ ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့နေ လူ ၈၀၀၀ လောက် နေအိမ်တွေကနေ ထွက်ပြေးရမှုဟာ လတ်တလောအကျဆုံးဖြစ်ရပ်ပါ။ 

ဆင်းရဲနွမ်းပါးတဲ့ ချင်းပြည်နယ်မှ အရပ်သားပြည်သူတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ သေနတ်သံတွေ တိတ်ဆိတ်နေရာကနေ တိုက်ပွဲအသစ်တွေကို ကြုံနေရတာဖြစ်ပါတယ်။ 

မေလမှာ ရုတ်တရက် စဖြစ်လာတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်ရှိ မြို့နယ်တချို့မှာ လူပေါင်း ၁၆၇၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ 

Source- UCANEWS

2 weeks Ago
Up