မင်းတပ်

June 22, 2021

မင်းတပ် စစ်ရှောင်ပြည်သူများအတွက် စေတနာလုပ်အားပေး ကျန်းမာရေးဝန်ထမ်းများ လိုအပ်နေ

အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ မင်းတပ် စစ်ရှောင်ပြည်သူတွေအတွက် စေတနာလုပ်အားပေး ကျန်းမာရေးဝန်ထမ်းတွေ လိုအပ်နေပါတယ်။

ကျန်းမာရေးဘက်ဆိုင်ရာ ဆရာဝန်၊သူနာပြုနဲ့ သားဖွား ဆရာ၊ ဆရာမတွေ မရှိတာကြောင့် စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်မိခင်တွေဟာ စစ်ဘေးရှောင်စခန်းတွေ၊ ကျေးရွာတွေမှာ အခက်အခဲတွေ များစွာဖြစ်နေတယ်လို့ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲရေးကော်မတီက ထုတ်ပြန်ထားတာပါ။

မီးဖွားဖို့ အခက်အခဲကြောင့်  ပြီးခဲ့တဲ့ မေလကုန်ရက်ပိုင်းဝန်းကျင်လောက်က ကိုယ်ဝန်ဆောင် မိခင်တယောက် အသက်ဆုံးရှုံးခဲ့ရပြီး အအေးမိ ဖျားနာတာတွေ၊ အစာအိမ် ပေါက်တာတွေကြောင့်လည်း ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အသက်မသေသင့်ဘဲ သေဆုံးခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် လတ်တလောကာလမှာလည်း ရာသီဥတု ဆိုးရွားလွန်းတာကြောင့် စစ် ဘေးရှောင် ပြည်သူအများစုဟာ အအေးမိဖျားနာတာ၊ ဝမ်းလျှော၊ဝမ်းပျက်နဲ့ ဝမ်းကိုက်ရောဂါတွေကို ခံစားနေကြရပြီး စစ်ဘေးရှောင်တွေကို လက်ခံထားတဲ့ ကျေးရွာအများစုမှာလည်း ကျန်မာရေးစောင့်ရှောက်မှုနဲ့ ကင်းဝေးနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ကျန်းမာရေးဘက်ဆိုင်ရာ ဒေသခံ သူနာပြုနဲ့ သားဖွား ဆရာ၊ ဆရာမ တွေအနေနဲ့ စစ်ဘေးရှောင်တွေ ကြုံတွေ့နေရတဲ့ ကျန်းမာရေး အခက်အခဲတွေကို ကူညီ လုပ်အားပေး တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။

လုပ်အားပေး ပါဝင်လိုသူတွေအနေနဲ့ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့် ခွဲရေးကော်မတီ-Mindat Township IDPs Camp Management Committee ရဲ့ ဖေ့စ် ဘွတ်ခ်စာမျက်နှာကဆက်သွယ်နိုင်ပြီး  Ko Laurence - 09442002936 နဲ့ Ko Silver Naing – 09454104365 ဖုန်နံပါတ်တွေဆီလည်း ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ရာသီဥတုဆိုးရွားတာ၊ ဘာသာစကား အခက်အခဲတွေနဲ့ တ ခြားသော အခက်အခဲတွေကြောင့် ဒေသခံနဲ့ မင်းတပ်မြို့နယ် အနီးအနားက သူနာပြုနဲ့ သားဖွား စေတနာ့ဝန်ထမ်းတွေကို အဓိကထားဆက်သွယ်စေချင်ကြောင်းလည်း ဖိတ်ခေါ်ထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်မှာ  ဒေသခံ လူပေါင်း ၁၈,၀၀၀ လောက်ဟာ နေရပ်စွန့် ခွာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA)က ထုတ်ပြန်ထားပါတယ်။

စစ်ဘေးရှောင်ဒေသခံတွေဟာ ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ ဟားခါး၊ မတူပီ၊ ထန်တလန်မြို့တွေနဲ့ မကွေးတိုင်း ဆောမြို့က ယာယီစခန်း ၇၄ ခုမှာ နေထိုင်နေ ကြရကြောင်းနဲ့ သူတို့ဟာ ချင်းပြည်နယ်မှာ မေ ၁၂ ရက်ကတည်းကနဲ့ မကွေးတိုင်းမှာ ဇွန် ၆ ရက်နေ့ကတည်းက နေရပ်ရွှေ့ပြောင်းနေထိုင်ခဲ့ကြရတာလို့ ဆို ပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှုတွေကြောင့် မေ ၁၂ ရက်ကတည်းက လူထောင်ပေါင်းများစွာလည်း တောတောင်တွေထဲကို ထွက်ပြေးသွားကြပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

21 hours Ago

June 10, 2021

မင်းတပ်တွင် တိုက်ပွဲကြောင့် ဒေသခံပြည်သူသောင်းချီ ဘေးလွတ်ရာတိမ်းရှောင်

ချင်းပြည်နယ်၊  မင်းတပ်မြို့နယ်မှာ စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက် ဖမ်းဆီးနေတာကြောင့် ဒေသခံပြည်သူသောင်းနဲ့ချီပြီး ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင် နေကြရပါတယ်။

ထွက်ပြေးတိမ်းရှောင်လာတဲ့ ပြည်သူတွေကို စောင့်ရှောက်ထားတဲ့ အကြီးဆုံး စစ်ဘေးရှောင်စခန်း  ၂ ခုကိုလည်း  ဇွန်လ  ၆ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ပိတ်ဆို့ ထိုးစစ်ဆင်ခဲ့တာကြောင့် ပြည်သူ ၄၀၀၀ ကျော် ထပ်မံ ရွေ့ပြောင်းနေရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူ တစ်ယောက်က ပြောပါတယ်။

မင်းတပ်ဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းကြောင်း ၂ ကြောင်းနဲ့ ချီတက် လာတာဖြစ်ပြီး ရှပ်ရွာဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား  ၁၀၀ နီးပါးနဲ့  မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား ပြီးခဲ့တဲ့ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ 

မင်းတပ်မြို့ထဲမှာရှိတဲ့ ၂၇၄ တပ်ရင်းကလည်း လက်နက်ကြီးပစ်ကူနဲ့ တိုက်ခိုက်ခဲ့တာကြောင့် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က တစ်ယောက် ကျဆုံးခဲ့သလို စစ်ကောင်စီဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိတယ်လို့  မင်းတပ်PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ 

ဇွန်လ ၆ ရက်ကလည်း  မင်းတပ်မြို့ရဲ့အရှေ့မြောက်ဘက် တောင်ကြားလမ်းက ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်ကဆယ်ဂဏန်း သေဆုံးခဲ့ကာ မင်းတပ်ပြည်သူ့ကာကွယ်ရေး တပ်ဘက်ကလည်း ၃ ယောက်ကျဆုံးခဲ့ပါတယ်။ 

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ကျောက်ထုနဲ့ မင်းတပ်မြို့ပေါ်ကနေလည်း လက်နက်ကြီး ပစ်ကူပေးတိုက်ခိုက်ခဲ့ပါတယ်။ 

မင်းတပ်မြို့မှာ  စစ်ကောင်စီက နိုင်ငံတကာဥပဒေတွေကို ချိုးဖောက် ကျူးလွန်နေတဲ့ ပြစ်မှုတွေကို နိုင်ငံတကာစစ်ခုံရုံးမှာ တိုင်ကြားသွားမှာဖြစ်ပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူညီတွေ ရရှိနိုင်ဖို့ ကူညီသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

2 weeks Ago
More News
Up