မင်းကင်းမြို့

November 3, 2021

မင်းကင်းမြို့ အခြေခံပညာရေးကျောင်းများတွင် တက်ရောက်သူအနည်းငယ်သာရှိ

စစ်ကိုင်းတိုင်း မင်းကင်းမြို့မှာ အခြေခံပညာရေးကျောင်းတွေကို နိုဝင်ဘာလ (၁) ရက်နေ့ကတည်းက ဖွင့်လှစ်ခဲ့ပေမယ့် နိုဝင်ဘာလ ၃ နေ့အထိ ကျောင်းတက်သူအနည်းငယ်သာ ရှိတယ်လို့ သိရပါတယ်။

မင်းကင်းမြို့ အမှတ် (၁) နဲ့ အမှတ် (၂) အခြေခံ ပညာအထက်တန်းကျောင်းတို့ ဖွင့်လှစ်ထားပေမယ့် အမှတ် (၂) ကျောင်းမှာ တက်ရောက်သူမရှိပဲ အမှတ်(၁) ကျောင်းမှာ ကျောင်းသားကျောင်းသူ ၅၀၊ ၆၀ ဝန်းကျင်သာ ကျောင်းလာတက်ပြီး ရဲနှင့်စစ်သား လုံခြုံရေး တင်ကြပ်ထားတယ်လို့ ဆိုပါတယ်။

"အမှတ် (၂) ကျောင်းကတော့ မနေ့က လာအပ်တဲ့သူမရှိဘူးလို့ သိရတယ်။ ဒီနေ့တော့ အမှတ်(၁) ကျောင်းမှာ ၅၀-၆၀ ဝန်းကျင်လောက်တော့ရှိတယ်။ အခုဟာက ကျောင်းအပ် လက်ခံတာလို့ ပြောတယ်။ ရဲနဲ့စစ်သားတွေကတော့ လုံခြုံရေးယူထားတာ များတယ်။” လို့ မင်းကင်းမြို့နေပြည်သူတစ်ဦးက ပြောပါတယ်။

မင်းကင်းမြို့ဝန်းကျင်နဲ့ ကျေးရွာတချို့က အခြေခံပညာကျောင်းများမှာလည်း လာရောက် အပ်နှံသူ အနည်းငယ်သာရှိတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းတော်တော်များများကို နိုဝင်ဘာလ ၁ ရက်နေ့ ဖွင့်လှစ်ဖို့ စစ်ကောင်စီက ညွှန်ကြားထားပေမယ့် ကိုဗစ်ကူးဆက်မှု၊ မလုံခြုံမှုတို့ကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်တာတွေ ရှိနေကြပါတယ်။

3 months Ago

August 22, 2021

မင်းကင်းမြို့ရှိ ကောက်စိုက်သမအဖွဲ့က လုပ်အားခများအားလုံး PDF အတွက်လှူဒါန်း

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက ကောက်စိုက်သမ တစ်ဖွဲ့ဟာ မင်းကင်းတောင်တွင်း PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် သူတို့ရတဲ့ လုပ်အားခ အားလုံးကို ကူညီလှူုဒါန်းမယ်လို့ ပြောပါတယ် ။

“တရက်ကို လူတယောက်လုပ်အားခ ကျပ် ၃၀၀၀ ရတယ်။ ၁၀ ယောက်လောက်စီ စိုက်ကြတာပေါ့။ ကောက်စိုက်ကွက်တွေ ကျန်သမျှဆက်စိုက်ပြီး ရတာအားလုံး PDF ကို လှူမယ်” လို့ ကောက်စိုက်သမတယောက်က ပြောပါတယ်။

ဒီလ ၁၈ ရက်နေ့က စတင်စုဆောင်းခဲ့တာဖြစ်ပြီး အခုတော့ ကျပ် တစ်သိန်းနီးပါးရနေပြီလို့ သူတို့က ပြောပါတယ်။

ပြည်သူတွေအတွက် ကာကွယ်ပေးနေတဲ့ သူရဲကောင်းတွေအတွက် တထောင့်တနေရာကနေ ကိုယ်တတ်နိုင်တဲ့နေရာက ကိုယ်တတ်နိုင်သလောက် ပါဝင်ကူညီချင်လို့ အခုလို ပါဝင်ကူညီဖို့ ဆုံးဖြတ်လိုက်တာလို့ ကောက်စိုက်သမတယောက်က ပြောပါတယ်။

ကောက်စိုက်အဖွဲ့ဝင်တယောက်ကလည်း “အိမ်မှာ စားဝတ်နေရေးက အဆင်ပြေနေပါ သေးတယ်။ တောထဲတောင်ထဲ ပြည်သူတွေ အားလုံးအတွက် အနစ်နာခံပြီး ကာကွယ်ပေးနေကြတဲ့ သူရဲကောင်းတွေကို လှူချင်တန်းချင်လို့ အခုလို ကောက်စိုက်ပြီး ရတဲ့ငွေကို လှူကြဖို့ အစောကပဲ အဖွဲ့လိုက် တိုင်ပင်ဆုံးဖြတ်ပြီးသားပါ” လို့ ပြောပါတယ်။

ပြီးတော့ သူတို့လိုမျိုး တခြားသူတွေကလည်း တတ်နိုင်သလောက် ပါဝင်ကူညီကြဖို့ သူတို့အဖွဲ့က တိုက်တွန်းပါတယ်။

5 months Ago
More News
Up