မင်းပြားမြို့နယ်

June 15, 2018

မင်းပြားမြို့နယ်​တွင်​​ ရေကြီးမှု​ကြောင့် ကျောင်း​ပေါင်း ၂၀၀ ခန့် ပိတ်ထားရ

မိုးအဆက်​မပြတ်​ရွာသွန်းပြီး ရေကြီးလာတာ​ကြောင့် ရခိုင်​ပြည်​နယ်​၊ မင်းပြားမြို့နယ်​က စာသင်​​ကျောင်း​ပေါင်း ၂၀၀ ​လောက်​ကို ပိတ်​ထားလိုက်​ပြီလို့ မင်းပြားမြို့နယ်​ ပညာ​ရေးဌာနက သိရပါတယ်​။ မင်းပြားမြို့နယ်​ ဒု-မြို့နယ်​ပညာ​ရေးမှူး ဦး​မောင်​​အောင်​စိန်​က “ဇွန်လ ၁၃ ရက်​​နေ့မှာ ဆိုရင်​ ​ကျောင်း ၂၅​ ကျောင်း ပိတ်​တယ်​။ ဒီ​နေ့မှာဆိုရင်​​တော့ ကျောင်းအားလုံးနီးပါး ပိတ်​လိုက်​ပြီ၊ စုစု​ပေါင်း ​ကျောင်းပိတ်​လိုက်​တာက ၁၈၀ ​ကျော်​ပိတ်​ထားတယ်​။ ကျန်​တဲ့အဆက်​အသွယ်​မရတဲ့ နေရာ​တွေ ရှိ​နေတယ်​။ ဘယ်​လိုမှ ဖုန်းလိုင်း အဆက်​အသွယ်​မရဘူး။ အဆက်​အသွယ်​မရတာ ကျောင်း​ပေါင်း ၃၀​ လောက်​ပဲ ကျန်​​တော့တယ်​”​လို့ ပြောပါတယ်​။ မင်းပြားမြို့မှာ လက်​ရှိ အချိန်​အထိ ​ရေ ၅ ​ပေလောက်အထိ မြင့်တက်​​နေသလို မင်းပြားမြို့နယ်ထဲက ပန်းမြောင်းကြီးချောင်းကျေးရွာတွေ ဖြစ်ကြတဲ့ ဒုံးသား၊ ဆန်းဆိပ်၊ တံခွန်တိုင်၊ ကုလားမတောင်၊ ဝါးတောင်၊ မင်းဖူး၊ အသေကာလကျေးရွာနဲ့ ပုလဲတောင် ကျေးရွာတို့မှာလည်း ရေ ၅ ပေ​ကျော်​အထိ တက်နေပါတယ်။ ဒါ့အပြင် မင်းပြားမြို့နယ် ဖုံသာချောင်းဘက်မှာ ဆိုရင် မင်းတမ်းမ၊ လက်ခုက်၊ စိတ္တရ၊ ကျောက်မော်၊ ဖုံသာချောင်း၊ သလူချောင်းကျေးရွာတွေတို့မှာလည်း ရေ ၆​ ပေ​ကျော်​အထက် တက်နေတယ်လို့ သိရပါတယ်။ မင်းပြားမြို့နယ်​ ဒု-မြို့နယ်​ပညာ​ရေးမှူးက "ကျ​နော်​တို့ ရုံးမှာ​တောင်​ ​ရေ ၅ ​ပေ​ကျော်​ တက်​​နေပြီ၊ ဒါက မြို့​ပေါ်မှာပဲ ရှိ​သေးတယ်​။ မင်ပြားနယ်ဘက်တွေက ဖုံးသာ​ချောင်း၊ ပန်း​မြောင်​ကြီး​ချောင်းဆိုရင်​ ၆​ ပေက​နေ ၇​ ပေအထိ​ တက်​​နေတယ်​။ ဒီလို​ရေကြီး​နေတဲ့အချိန်​မှာ ဆရာ၊ ဆရာမ​တွေ နားခိုင်းထားပါတယ်​။ အန္တရာယ်​များလို့​”လို့ ပြောပါတယ်​။ မင်းပြားမြို့နယ်​မှာ ရေဘေး စိုးရိမ်​ရတဲ့အ​ခြေအ​နေ ရှိ​နေပြီး ဒေသခံတွေဟာ ဘုန်း​တော်​ကြီး​ကျောင်း​တွေ၊ စာသင်​​ကျောင်း​တွေမှာ ခိုလှုံနေကြရကာ ​​မြောက်​ဦး၊ အမ်းနဲ့ ဂွဒေသတွေဘက်မှာလည်း ရေကြီးနေလို့ ကူညီကယ်​ဆယ်​​ရေး​ပေးဖို့ စီစဉ်​​နေတယ်လို့ ရခိုင်​ပြည်​နယ်​​ ဘေးအန္တရာယ်​ စီမံခန့်​ခွဲရေးမှူးရုံးက ဦးစီးမှူးရဲမင်းဦးက ပြောပါတယ်။ မိုးအဆက်မပြတ် ရွာသွန်းမှု​ကြောင့် ရခိုင်​ပြည်​နယ်​ အနှံ့အပြားမှာ ​ရေကြီးမှု​တွေ၊ လေပြင်းနဲ့ ​​လေဆင်​နှာမောင်း တိုက်​ခတ်​မှုတွေကြောင့် လူနေအိမ်တွေ၊ ဘာသာ​ရေး အဆောက်အအုံ​တွေ၊ စာသင်​​ကျောင်းတွေ ပျက်​စီးပြီး  လူနဲ့ တိရစ္ဆာန်​​ သေဆုံးတာတွေလည်း ရှိပါတယ်​။ ဝဏ္ဏခွာညို
3 years Ago

June 14, 2018

မင်းပြားမြို့နယ်တွင် ကျေးရွာပေါင်း ၂၀ ကျော် ရေနစ်မြုပ်

မြန်မာပြည် ဒေသအနှံ့အပြားမှာ မိုးအဆက်မပြတ် ရွာသွန်းပြီး မြို့တွေ၊ နယ်တွေ အသီးသီးမှာ ရေကြီးမှုတွေနဲ့ တွေ့ကြုံနေရသလို ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာလည်း  ကျေးရွာ ၂၀ ကျော် ရေနစ်မြုပ်နေပါတယ်။ မင်းပြားမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “မနေ့က ရေစတက်နေတယ်။ ဒီကနေ့မှာ လေးမြို့မြစ်ရဲ့ စိုးရိမ်အမှတ်ကို ရောက်နေပြီခင်ဗျ။ ရွာကတော့ ၂၀ ကျော် ရေနစ်မြုပ်နေပြီ။ မင်းပြားမြို့ ရပ်ကွက်တချို့တွေနဲ့ ကျေးရွာတွေမှာ နစ်မြုပ်နေတာပါ။ မင်းပြားမြို့ထဲမှာဆိုရင် ရေ ၂ ပေကနေ ၃ ပေအထိ တက်နေတယ်။ မင်းပြားမြို့နယ်၊ လေးမြို့ချောင်းနဲ့ ပန်းမြောင်းကြီးချောင်းဘက်တွေမှာ ဆိုရင် ရေ ၄ ပေအထိ တက်နေတယ်” လို့ ပြောပါတယ်။ မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်း ကျေးရွာတွေဖြစ်ကြတဲ့ ဒုံးသား၊ ဆန်းဆိပ်၊ တံခွန်တိုင်၊ ကုလားမတောင်၊ ဝါးတောင်၊ မင်းဖူး၊ အသေကာလကျေးရွာနဲ့ ပုလဲတောင် ကျေးရွာတို့မှာလည်း ရေ ၄ ပေအထိ တက်နေတာပါ။ ဒါ့အပြင် မင်းပြားမြို့နယ် ဖုံသာချောင်းဘက်မှာလည်း မင်းတမ်းမ၊ လက်ခုပ်၊ စိတ္တရ၊ ကျောက်မော်၊ ဖုံသာချောင်း၊ သလူချောင်းကျေးရွာတွေမှာလည်း ရေ ၄ ပေကျော်ထိ တက်နေတယ်လို့ သိရပါတယ်။ ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးတွေ လုပ်ဖို့ စီစဉ်နေတယ်လို့ မင်းပြားလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ သက်ဆိုင်ရာကတဆင့် ကျေးရွာက အုပ်ချုပ်ရေးမှူးတွေကို ညွန်ကြားစာ ပို့ထားပြီးပြီ၊ အဲဒီမှာ ကျေးရွာမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ပြောင်းရွှေ့ထားဖို့ ပြောထားပါတယ်။ အဲ့ဒီမှာ တောင်ကုန်းထက်မှာ ဆောက်လုပ်ထားတဲ့ ဘုန်းကြီးကျောင်းတွေ ရှိတယ်။ စာသင်ကျောင်းတွေ ရှိတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် မိုးအဆက်မပြတ်ရွာသွန်း ရေကြီးမှုတွေကြောင့် မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေမှာလည်း စာသင်ကျောင်းတချို့ကို ပိတ်ထားရပါတယ်။ ဝဏ္ဏခွာညို
3 years Ago
More News
Up