မင်းပြားမြို့

A d v e r t i s e m e n t With Us

July 27, 2019

မင်းပြားမြို့နယ်တွင် တပ်မတော်နှင့် အေအေ တိုက်ပွဲပြင်းထန်၊ ဒေသခံများ ထွက်ပြေး

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖုံသာ​ချောင်း ကုလားမတောင်ရွာရဲ့ အရှေ့ဘက် ပေါက်တောဇိုင်​​ချောင်း ကျေးရွာကြား တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ ဒီကနေ့ မနက် ၉ နာရီဝန်းကျင်ကနေ တိုက်ပွဲတွေ စတင်ဖြစ်ပွားနေတယ်လို့ ကုလားမတောင်ကျေးရွာသားတွေက ဒီဗွီဘီကိုပြောပါတယ်။ တပ်မတောစစ်ကြောင်းဟာ ဇူလိုင် ၂၆ ရက်နေ့ ကုလားမတောင်ကျေးရွာအနီးက ပေါင်တောဇိုင်​​ချောင်း (ချင်း) ရွာမှာ ၅ ရက်ကြာနေခဲ့ပြီးနောက် ကုလားမတောင်းကျေးရွာကို မနေ့က ညနေပိုင်ကး ရှောက်ရှိလာပြီး ကျေးရွာရဲ့အနီး ရွှေတောင်(ဘုရားတောင်) မှာ ညအိပ်ရပ်နားခဲ့တယ်လို့ ဒေသခံကျေးရွာသားတွေ ပြောပါတယ်။ အဲ့ဒီနောက်ပိုင်း ဒီကနေ့မနက်ပိုင်းမှာ ကုလားမတောင်ကျေးရွာရဲ့အရှေ့ဘက်မှာ တပ်မတော်စစ်ကြောင်း ဘုရားတောင်နားမှာ စခန်းချပြီး နောက် အဲ့ဒီအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားနေတာလို့ ဒေသခံ ကျေးရွာသားမျက်မြင်တွေကြောပါတယ်။ “စစ်ကြောင်း ၃၀၀ လောက် မနေ့ညနေပိုင်းက ရွာကို ရောက်လာတယ်။ ရွာနားရဲ့အရှေ့ဘက် ရွှေတောင်ဘုရားမှာရပ်နားတယ်။ ရွာက အိမ်ထောင်စုစားရင်တွေကို စစ်တေယ်။ ဒီကနေ့ မနက်ပိုင်းမှာပိုင်း ဆက်တိုက်ဆိုသလိုအသံတွေထွက်လာတယ်။ အဲ့ဒါနဲ့ ရွာရဲ့အပြင် သွားလိုက်တော့ အဲ့ဒီမှာ နှစ်ဖက် တိုက်ပွဲဖြစ်နေကြတာမြင်ရတယ်။ အဲ့ဒါနဲ့ ရွာကလူတွေ အကုန် တခြားကျေးရွာတွေကို စက်လှေတွေနဲ့ရော၊ အကုန်ထွက်ပြေးလာကြတယ်။” ကုလားမတောင်ကျေးရွာမှာ အိမ်ထောင်စု ၄၀၀ ကျော်လောက်ရှိပြီး တိုက်ပွဲဖြစ်ပွားနေတာကြောင့် နီးစပ်ကျေးရွာတွေဖြစ်ကြတဲ့ တံခွန်တိုင်၊ ဒုံးသား၊ သေကမ်း၊ အမ်းသားရွာတွေနဲ့ မင်းပြားမြို့တို့ကို စက်လှေတွေနဲ့ ထွက်ပြေးတိမ်းရှောင်လာနေကြတယ်လို့ မင်းပြားလူမှု ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။ ကုလားမတောင်းကျေးရွာသားတဦးက “အခုရွာမှာ နည်းနည်းပဲ ကျန်တော့တယ်။ လူကြီးပိုက်လောက်ပဲ ကျန်တော့တယ်။ နောက်ကလေးတွေ၊ အမျိုးသမီးတွေ၊ အမျိုးသားတွေ အကုန်ထွက်ပြေးသွားပြီ၊ ကျနော်တို့တွေတော့ ရွာမှာကျန်ခဲ့တယ်။ စစ်တပ်က ရွာကို ဝင်လာပြီးတော့ တခုခုလုပ်သွားမှာ ကြောက်နေရတယ်။ တိုက်ပွဲဖြစ်နေတာကလည်း ရွာနဲ့ နီးနီးလည်းဆိုတော့ပိုပြီး ကြောက်ရတာပေါ့” လို့ပြောပါတယ်။ ကုလားမတောင်းကျေးရွာနဲ့ ပေါက်တောဇိုင်​​ချောင်း (ချင်းရွာ) ကြားမှာတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေ တိုက်ပွဲ ဖြစ်နေတာတွေ မှန်ကန်တယ်လို့ ရက္ခိုင့်တပ်တော်အေအေ က ပြောပါတယ်။ အခုတိုက်ပွဲ ဖြစ်ပွားနေတာနဲ့ပတ်သက်လို့ တပ်မတော်ဘက်ကို ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။ ဇူလိုင်လိုင် ၂၆ ရက်နေ့ကလည်း ဘူးသီးတောင်၊ မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြပြီး အေအေဘက်က ဘူးသီးတောင်မြို့နယ် ညောင်ချောင်းနယ်ခြားစောင့်စခန်းကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်နဲ့ မြန်မာ့တပ်မတော်တို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက စတင်ပြီး တိုက်ပွဲဖြစ်ပွားနေတာပါ။ လက်ရှိမှာတော့ တိုက်ပွဲကြောင့် စစ်ရှောင်ဒုက္ခသည် ၅ သောင်းကျော်ရှိနေပြီး စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍအသီးသီးမှာ အကူညီတွေ လိုအပ်နေပါတယ်။ သတင်း-ဓာတ်ပုံ ဝဏ္ဏခွာညို
2 years Ago

September 7, 2018

မင်းပြားတွင် ဆရာမတဦး ရိုက်နှက်မှုကြောင့် ကျောင်းသား၂၀ ကျော် ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ အ.ထ.က ၁ မူလတန်းမှာ ကျောင်းဆရာမတဦးက ကျောင်းသားတွေကို တုတ်နဲ့ရိုက်နှက်မှုတွေကြောင့် ကျောင်းသား ၂၀ ကျော် ခြေသလုံးတွေမှာ ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ ရိုက်နှက်ခံရတဲ့ ကျောင်းသားမိဘတွေက ဒီဗွီဘီကို ပြောပါတယ်။ စက်တင်ဘာ ၆ ရက်နေ့ မနက်ပိုင်း ၈ နာရီအချိန်က ကျောင်းအတွင်းမှာ အခန်းအပြင် ဆော့ကစားနေတဲ့ မူလတန်းက ကျောင်းသူ/သားတွေကို တာဝန်ကျ ကျောင်းဆရာမက တယောက်ချင်းစီ ခေါ်ယူရိုက်နှက်ခဲ့တာလို့ ကျောင်းသားမိဘတွေက ပြောပါတယ်။ အမည်မဖော်လိုသူ ကျောင်းသားမိခင်တဦးက “ဆရာမ မရောက်ခင် ကလေးတွေက အပြင်မှာ ဆော့ကစားနေကြတယ်။ အဲ့ဒါ ဆရာမရောက်လာတယ်။ ပြီးတော့ အတန်းထဲခေါ်ပြီး တုတ်နဲ့ရိုက်နှက်တယ်။ အကုန် ၂၄ ယောက်လောက်တော့ရှိမယ်။ တချို့ကလေးတွေမှာဆိုရင် ဒဏ်ရာတွေ ပြင်းထန်တယ်။ အစ်မသမီးမှာဆိုရင် ခြေသလုံးနှစ်ဖက်လုံး ဒဏ်ရာလေးချက်ရတယ်။ နောက် အစ်မတို့အိမ်နားကဆိုရင် ဒဏ်ရာကြောင့် ဆေးခန်းတောင် ပြနေရတယ်။ တခြားကလေးတွေမှာဆိုရင် လမ်းတောင်မလျှောက်နိုင်ဘူး” လို့ ပြောပါတယ်။ အခုလို ရိုက်နှက်ခံရမှုတွေကြောင့် ကျောင်းသူ/သား ၂၄ ဦးရဲ့ ခြေသလုံးတွေမှာ ညိုမည်းဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။ ဒါ့အပြင် အခုလို ရိုက်နှက်ခံရတာကြောင့် ကျောင်းသားမိဘတွေက မကျေမနပ်ဖြစ်နေကြပြီး မြို့နယ်ပညာရေးမှူးရုံးကို တိုင်ကြားဖို့ ပြင်ဆင်နေကြတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။ အခုလို ကျောင်းသူ/သားတွေ အရိုက်ခံရတာနဲ့ပတ်သက်လို့ ရိုက်တဲ့ဆရာမကို အရေးယူဖို့ အပေါ်ကို အဆင့်ဆင့် တင်ပြသွားမယ်လို့ မင်းပြား ဒုမြို့နယ်ပညာရေးမှူး ဦးမောင်အောင်စိန်က ဒီဗွီဘီကို ပြောပါတယ်။ “ကလေးတွေနဲ့ ဆရာမတို့အကြား နည်းနည်း အနှောင့်အယှက် ဖြစ်သွားတာပါ။ အဲ့ဒီဆရာကို အဲ့ဒီအခန်းထဲမှာ မပြခိုင်းပါနဲ့လို့ ကျနော်တို့က ဆုံးဖြတ်ထားလိုက်ပါပြီ။ မိဘတွေလည်း အကုန်လုံး ကျေနပ်သွားပါတယ်။ ကလေးတွေ ကြောက်မှာစိုးလို့ အဲ့ဒီအခန်းထဲမှာ မသင်ရရင် တော်ပါပြီဆိုပြီး အကုန်လုံး ရှင်းလိုက်ပါတယ်။ ဒဏ်ရာတွေ မပြင်းထန်ပါဘူး။ နည်းနည်းပါးပါးလေးပါ၊ ကျနော်ကြားတာက ကလေးတွေက အခန်းအပြင်ကို ရောက်နေကြတယ်။ အဲ့ဒီအချိန်မှာ ဆရာမက ငါနည်းနည်းဖြစ်တာနဲ့ ငါပေးထားတဲ့ သင်ခန်းစာတွေ မလုပ်ဘဲ အပြင်မှာရှိနေကြတာလဲ၊ အဲ့ဒီလိုပြောခဲ့တယ်လို့ ဆရာမက ပြောတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အရေးယူဖို့ အပေါ်ကို အဆင့်ဆင့် တင်ပြသွားပါမယ်” လို့ ပြောပါတယ်။ အရိုက်ခံရတဲ့ ကျောင်းသားတဦးရဲ့ ဖခင်က ”အခု ကလေးတွေက ကျောင်းမတက်ရဲကြတော့ဘူး။ အရမ်းကို ကြောက်နေကြတယ်။ အခု ရိုက်နှက်တာကလည်း သေးသေးမွှားမွှား ရိုက်တာမဟုတ်ဘူးဗျ၊ တုတ်တချောင်းကျိုးသွားရင် နောက်တချောင်းကိုင်ပြီး ရိုက်တယ်လို့ ကလေးတွေကပြောတယ်။ ၈ နှစ် ၉ နှစ်ကလေးတွေက ၃ တန်းကလေးတွေ ဖြစ်ကြတယ်။ ဒီကလေးတွေကို အဲ့လောက်ထိ ရိုက်တာကျတော့ ကျနော်မျက်ရည်ကျမိတယ်။ အပြစ်ရှိရင်တောင် အဲ့လောက်မရိုက်သင့်ဘူး။ အခုအရိုက်ခံရတဲ့ ကလေးတွေ နေမကောင်းဖြစ်နေကြတယ်။ ကျနော်တို့အနေနဲ့ ဒီဆရာမဆီမှာ ကျောင်းအပ်နှံဖို့ ကြောက်နေကြတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် အရိုက်ခံရတဲ့ ကလေးတွေရဲ့ ကျောင်းသားမိဘတွေကို မင်းပြားမြို့ ပညာရေးဌာနက ခေါ်ယူထားပြီး အသေးစိက်ကို မေးမြန်သွားဖို့ ပြင်ဆင်နေတယ်လို့ မင်းပြားမြို့ ပညာရေးဌာနက ပြောပါတယ်။ သတင်း - ဝဏ္ဏခွာညို
2 years Ago
More News
Up