မင်းရဲစစ်နိုင်

February 18, 2019

စုံလင်ကွဲပြားမှု ချစ်စရာ အလှတရားနဲ့ အညာမြေက ပေါ်တူဂီမျိုးနွယ်ရွာ

“ကျနော်တို့ရွာရဲ့ ချစ်စရာအကောင်းဆုံး ဓလေ့ကတော့ ဘာသာမတူတဲ့လူတွေ နေကြပေမယ့် ခွဲခြားမှုမရှိဘူး။ ဘာသာမတူတာတွေနဲ့ ရန်လုံးဝမဖြစ်ဘူး။ ဘာသာရေး လုပ်တဲ့အခါလည်း မတူချင်နေ စုပေါင်းလုပ်ကြတာပဲ” လို့ မြောင်မြို့နဲ့ ၇ မိုင်ခန့်ဝေးတဲ့ ခရစ်ယာန်ဘာသာဝင် အများစုနေထိုင်တဲ့ ရွာတရွာက ရာအိမ်မှူး ကိုမင်းသိန်းကျော်က ပြောပါတယ်။ အဲဒီ ချစ်စရာကောင်းတဲ့ ဓလေ့တွေနဲ့ ဘာသာမတူ လူမျိုးကွဲတွေနေတဲ့ ရွာလေးဟာ စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နဲ့ ၇ မိုင်ခန့်အကွာမှာ တည်ရှိပြီး မြောင် ပရိမ္မလမ်းမကြီးရဲ့ ဘေးဘက်မှာရှိတဲ့ ရွာတွေထဲကတရွာ ဖြစ်ပါတယ်။ ရွာအဝင်လမ်းမစခင် ဘောလုံးကွင်းကြီးရဲ့ အလယ်ကို ဖြတ် လမ်းလျှောက်ပြီးတာနဲ့ ရွာအဝင် မြေလမ်းဝါဝါကို စတင်တွေ့ပါလိမ့်မယ်။ အဝင်လမ်းရဲ့ တဖက်မှာတော့ တမာပင်တန်းနဲ့ တဖက်မှာတော့ အိမ်ခြံကိုကာပြီး စိုက်ပျိုးထားတဲ့ တဇောင်းဆူးပင်တန်းကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီ ရွာအဝင်လမ်းလေးအတွင်း တည့်တည့်ဝင်ပြီး လက်ဝဲဘက်ကို ပြန်ကွေ့လျှောက်လိုက်ရင် တခေါ်စာအဝေးလောက်မှာ လမ်းဆုံတခုတွေ့ပြီး အဲဒီလမ်းဆုံကနေ ညာပြန်ချိုးပြီး ပထမဆုံးတွေ့တဲ့ ကွန်ကရစ်လမ်းအတိုင်း ဘယ်ပြန်ချိုးလိုက်တာနဲ့ နည်းနည်းထပ်ပြီး လမ်းလျှောက်လိုက်တဲ့အခါ အဲ့ဒီရွာလေးရဲ့ တကျောင်းတည်းသော မူလတန်းကျောင်း နှစ်ထပ်ဆောင်လေးကို တွေ့ရမှာပါ။ အဲ့ဒီကျောင်းလေးအကျော်မှာတော့ ကွန်ကရစ်ကျောက်စီတိုင်လုံးနှစ်ဖက်ပေါ် သံပန်းနဲ့ လုပ်ထားတဲ့ “သံယောဟန် ဗတ္တစ္စတား ဘုရားရှိခိုးကျောင်း” ဆိုတဲ့ အဲ့ဒီရွာကလေးရဲ့ တခုတည်းသော ခရစ်ယာန် ဘုရားရှိခိုးကျောင်းအဝင် မုခ်ဦးကြီးကို တွေ့ရပါတယ်။ အဲ့ဒီမုခ်ဦးကြီးနဲ့အတူ တွဲလျှက်မြင်ရမှာကတော့ သက်တမ်းရှည် မန်းကျည်းပင်ကြီးတွေပါပဲ။ မန်ကျည်းပင်ကြီးတွေက လူနှစ်ယောက်ဖက်စာလောက်ရှိပြီး သက်တမ်းအနေနဲ့ ရာချီနေပြီလို့လည်း ကိုမင်းသိန်းကျော်က ဆက်ပြောပြပါတယ်။ အဲဒီ ဘုရားရှိခိုးကျောင်း သက်တမ်းက ရာကျော်နေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်က ရာပြည့်ပွဲ ကျင်းပခဲ့တာလို့ ဘုရားကျောင်း တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးခင်မောင်တင့်က ဆိုပါတယ်။ အဲ့ဒီရွာလေးကို အဓိကလမ်းမ ၂ လမ်းနဲ့ ဖွဲ့စည်းထားပြီး အဲ့ဒီလမ်းကို ကမ္ဘာ့ဘဏ်ချေးငွေနဲ့ ကွန်ကရိခင်းလမ်း ခင်းထားပါတယ်။ ရွာလမ်းတွေရဲ့ တဖက်တချက်မှာ ရှေးသိပ်ကျတဲ့ပုံစံ ရှိနေတဲ့ ကနုတ်လက်ရာ မပျက်သေးတဲ့ ခြံဝင်းတံခါးကြီးတချို့ကိုလည်း တွေ့မြင်ရပါတယ်။ မြန်မာနိုင်ငံ ရာသီဥတုအရ အပူပိုင်းဒေသမှာရှိတဲ့ ရွာတရွာဖြစ်ပေမယ့် နှစ်ရှည် မန်ကျည်းပင်ကြီးတွေနဲ့ တမာပင်တန်းတွေ နေရာခပ်စိပ်စိပ်ရှိတာကြောင့် အပူဒဏ်သက်သာတဲ့ ရွာတရွာပဲ ဖြစ်ပါတယ်။ ဒီရွာလေးကတော့ နဘက်ရွာ (ဘုရင်ဂျီ) ရွာပဲ ဖြစ်ပါတယ်။ ဘုရင်ဂျီဆိုတဲ့ စကားလုံးဟာ ဖာရင်ဂီဆိုတဲ့ ပါရှန်းဘာသာစကားက ဆင်းသက်လာတာဖြစ်ပြီး လူမျိုးခြားဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ ဒီဒေသတဝိုက်မှာ နဘက်ရွာအပါအဝင် ဘုရင်ဂျီရွာပေါင်း ၁၃ ရွာ ရှိပါတယ်။ သူတို့ဟာ ကက်သလစ်ဘာသာဝင်တွေ ဖြစ်ကြပြီး အင်းဝ ညောင်ရမ်းမင်းဆက်ဘုရင်  အနောက်ဘက်လွန်မင်းလက်ထက် သန်လျင်မှာ နတ်သျှင်နောင်နဲ့ ပေါ်တူဂီသား တပ်မှူးတို့ ပူးပေါင်းပြီး ပုန်ကန်မှုပြုတာကို နှိမ်နင်းခဲ့အပြီး ပေါ်တူဂီအနွယ်တွေကို ဖမ်းဆီးခေါ်ဆောင် နေထိုင်စေခဲ့ရာကနေ ဆင်းသက်လာသူများ ဖြစ်ပါတယ်။ သူတို့ဟာ စိုက်ပျိုးရေးလုပ်ငန်း အနည်းငယ် လုပ်ကိုင်နေပြီး မွေးမြူရေး၊ ကုန်သည်နဲ့ သားသတ်လိုင်စင်ရပြီး သားသတ်လုပ်ငန်းများ အဓိက လုပ်ကိုင်နေကြပါတယ်။ အဲ့ဒီ နဘက်ရွာလေး ကပ်လျှက်မှာပဲ နဘက်ရွာမ၊ နဘက်ရွာသစ်ဆိုပြီး သုံးရွာအုပ်စု နေထိုင်ကြပြီး ရွာလယ်လမ်းတဖက်မှာတော့ ပေတရာကျော်မြင့်တဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်း နီနီကြီးကို ခန့်ညားစွာ တွေ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒီဘုရားကျောင်းနဲ့ လမ်းတဖက်မှာတော့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတကျောင်း ရှိနေပါတယ်။ “ဒီရွာမှာက ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် လက်ထပ်တာရှိတယ်။ ဒါပေမယ့် ခရစ်ယာန်က ဘုရားကျောင်းတက် ဝေယျာဝစ္စလုပ်သလို ဗုဒ္ဓဘာသာကလည်း ကပ်လျှက် နဘက်ရွာမမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းမှာ ဥပုသ်စောင့် သီလယူ အလှူအတန်းလုပ်ပြီး ဘာသာမတူပေမယ့် ရှေးကတည်းက ချစ်ချစ်ခင်ခင် နေလာကြတယ်” လို့လည်း ကိုမင်းသိန်းကျော်က ဆိုပါတယ်။ နဘက်ရွာသစ်မှာ နေထိုင်တဲ့ ဗုဒ္ဓဘာသာဝင်တဦးကလည်း “ကျနော်တို့မှာ ဘာသာမတူလို့ ဘာမှ ခွဲခြားတာမရှိဘူး။ ဘယ်သူမှလည်း နဘက်ရွာသစ်တို့ ဘုရင်ဂျီရွာတို့ ခွဲမပြောဘူး။ မေးတဲ့သူရှိလို့ မင်းဘယ်ကလဲဆိုရင် နဘက်ကပဲ ပြောတာပဲ" လို့ နဘက်ရွာသား မင်းမင်းကျော်က ဆိုပါတယ်။ နဘက်ရွာဟာ အိမ်ခြေ ၁၃၅ အိမ်ရှိပြီး တချိန်တခါက ဧရာဝတီမြစ်ကမ်းနဖူးပေါ် မေးတင်နေတဲ့ ရွာတရွာဖြစ်ခဲ့ရာကနေ ခုနောက်ပိုင်း မြစ်ကြောင်းကောလာတာကြောင့် ဧရာဝတီမြစ်နဲ့ ၂ မိုင်ခန့်လောက် ကွာဝေးသွားတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ရွာရဲ့ တောင်ဘက်မှာတော့ ကျန်စစ်မင်းရဲ့ ရွှေသိမ်တော်စေတီနဲ့ ဂူတံခါးရှိပြီး အဲ့ဒီဂူတံခါးဟာ နဘက်ရွာနဲ့ ၁၀ မိုင်ဝန်းကျင်ခန့် ကွာဝေးတဲ့ ကျန်စစ်သားမင်း၏ မွေးရပ်မြေ ပရိမ္မရွာအထိ ပေါက်တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် အဲ့လိုဏ်ဂူထဲကိုတော့ ဘယ်သူမှ မဝင်ရဲကြဘူးလို့လည်း ကိုမင်းသိန်းကျော်က ဆိုပါတယ်။ ထူးခြားတာကတော့ နဘက်ရွာရဲ့ တခုတည်းသော ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြီးကို နှစ်စဉ် ဇွန်လ ၂၄ ရက်မှာ နှစ်လည်မွေးနေ့ပွဲ ကျင်းပပြီး ကျေးရွာချင်းဆက် ဗုဒ္ဓဘာသာတွေ ခရစ်ယာန်တွေ အတူတူ ပျော်ရွှင်စွာ ဆင်နွှဲကြတဲ့ဓလေ့ကို တွေ့ရမှာပါ။ “ကျနော်တို့ ဘုရားရှိခိုးကျောင်း မွေးနေ့ဆိုရင် ဗုဒ္ဓဘာသာတွေကို ဖိတ်တယ်။ အတူတူ စားသောက်တယ်။ အတူတူစားသောက်ရတဲ့ အရသာလောက် ရင်းနှီးချစ်ခင်တဲ့အရာ မရှိဘူး” လို့လည်း ဘုရင်ဂျီရွာခံ ခရစ်ယာန်ဘာသာကိုးကွယ်သူ ဦးခင်မောင်တင့်က ဆိုပါတယ်။ နဘက် ၃ ရွာဖြစ်တဲ့ နဘက် (ဘုရင်ဂျီ) ရွာ၊ နဘက်ရွာမ၊ နဘက်ရွာသစ် သုံးရွာထဲမှာ နဘက်ရွာသစ်နဲ့ ရွာမကတော့ ဗုဒ္ဓဘာသာ ကိုးကွယ်သူတွေ ဖြစ်ပါတယ်။ အဲ့ဒီ ဗုဒ္ဓဘာသာတွေကလည်း ပွဲတော်တွေမှာ အထူးသဖြင့် ဘုရားပွဲတော်တွေမှာ ခရစ်ယာန်ဘာသာဝင် တရွာတည်းသားတွေကို အိမ်ခေါ် မုန့်ကျွေးတာ၊ ဖိတ်ကြားပြီး ထမင်းအတူစားကြတာတွေ အစဉ်လာမပျက် နှစ်စဉ် ပြုလုပ်နေထိုင်ကြပါတယ်။ ဘာသာမတူတာတွေ၊ ယုံကြည်မှု မတူတာတွေရဲ့ ကြား နှစ်ကာလများစွာ ပဋိပက္ခမဖြစ်ဘဲ အတူတူနေနိုင်တာဟာ ဘာသာတရားရဲ့ အခြေခံ ပညတ်ချက်တွေ တူညီမှုရှိနေလို့လည်း ဖြစ်တယ်လို့ နဘက်ရွာမမှာနေတဲ့ ဗုဒ္ဓဘာသာဝင် ဦးမောင်သိန်းက ဆိုပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်ထဲက ခရစ်ယာန်ဘာသာဝင် ဘုရင်ဂျီ ပေါ်တူဂီအနွယ်များ နေထိုင်တဲ့ ကျေးရွာ ၉ ရွာရှိပြီး အနီးအနားမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့အတူ နှစ်ပေါင်းရာကျော် အတူတကွ နေထိုင်နေကြတာ ဖြစ်ပါတယ်။ ဒီနေ့အထိ ပဋိပက္ခတွေမရှိဘဲ နေထိုင်နေကြတာက မြန်မာပြည်ရဲ့ ချစ်စရာကောင်းတဲ့ ပြယုဂ်တခုဆိုတာ မြောင်မြို့နဲ့ ၇ မိုင် အကွာမှာရှိတဲ့ နဘက်ရွာတွေက သက်သေတခုပါပဲ။ မင်းရဲစစ်နိုင်
2 years Ago

February 8, 2019

အရုဏ်မျှော်နေတဲ့ ခရီးပြင်းနှင်သူများ

“အရင်တုန်းက ညီအစ်ကိုမောင်နှမတွေလို အတူတူပေါ့။ ပဋိပက္ခဖြစ်ပြီးတဲ့နောက်မှာ သူတို့တွေက ခွဲခြားလာတယ်" လို့ လက်ရှိနေရတဲ့ ခုနစ်အိမ်တန်းရဲ့ ကျိုးတိုးကျဲတဲ ဝါးကြမ်းပြင်ကို စိုက်ကြည့်ပြီး ပြောင်းလဲသွားတဲ့ ဆက်ဆံရေးတွေအပေါ် မယုံနိုင်တဲ့ ပြောင်းလဲသွားမှုအပေါ် စိတ်မကောင်းဖြစ်နေတဲ့ လေသံဖျော့ဖျော့နဲ့ အသက် ၆၅ နှစ်အရွယ်ရှိတဲ့ ကမန်တိုင်းရင်းသူ ဒေါ်တင်တင်စိန်က ပြောပြနေပါတယ်။ ဒေါ်တင်တင်စိန်ဟာ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်အတွင်း လူများစု ဗုဒ္ဓဘာသာဝင် ရခိုင်တွေနဲ့ လူနည်းစု မွတ်ဆလင်ဘာသာဝင် ကမန်တွေအကြား ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့နောက် ကမန်တွေဟာ အိမ်တွေစွန့်ခွာကာ ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့ရသူတယောက် ဖြစ်ပါတယ်။ အဲဒီနောက် အစိုးရက စီစဉ်ပေးမှုနဲ့ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ဘွက်ကြီးကျေးရွာကို ပြောင်းရွှေ့လာခဲ့ကြတဲ့ ကမန်မိသားစု ၃၀ ကျော်ထဲ ပါဝင်ပါတယ်။ ဒါပေမယ့်လည်း ကိုယ်ထူကိုယ်ထ ပြန်ထူထောင်ရတာ ဖြစ်တယ်လို့ ကမန်တွေက ပြောပါတယ်။ ဘွက်ကြီးရွာ (အုပ်ချုပ်ရေးမှူး) ကမန်လူမျိုးတယောက်ဖြစ်တဲ့ ဦးထွန်းငွေက “အစ္စလာမ်ဖြစ်လို့ ခွဲခြားဆက်ဆံခံရတယ်ဆိုတော့ ကျနော်တို့ မခံစားနိုင်ဘူး။ ပြောပြစရာ စကားလုံးတောင် မရှိဘူး။ ကျနော်တို့က တိုင်းရင်းသားစိတ် တိုင်းရင်းသားပုံစံ နေချင်တယ်။ အကုန်လုံးနဲ့ ညီအစ်ကိုလိုပဲ သဘောထားတယ်။ နိုင်ငံထဲက တိုင်းရင်းသား အကုန်လုံးက ခရစ်ယာန်ဖြစ်ဖြစ် အစ္စလာမ်ဖြစ်ဖြစ် နိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားအားလုံးကို အတူတူလို့ပဲ မြင်စေချင်တယ်" လို့ ပြောပါတယ်။ ကမန်တွေဟာ မြန်မာနိုင်ငံက တရားဝင် အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးမှာ ပါဝင်ပြီး ရခိုင်ပြည်နယ်တွင်းက ရခိုင်၊ ဒိုင်းနက်၊ မရမာကြီး၊ ခမီ၊ မြို၊ သက်၊ ကမန် စတဲ့ မျိုးနွယ်စုကွဲ ၇ ခုမှာ ပါဝင်ပါတယ်။ ရခိုင်ဘုရင့်နိုင်ငံတော်ကာလက ကမန်တွေဟာ ဘုရင့်တပ်မှာ လေးသည်တော်များအဖြစ် အမှုထမ်းခဲ့ကြတာကို ဂုဏ်ယူပြောလေ့ရှိပါတယ်။ မြန်မာနိုင်ငံတဝှမ်းမှာ ကမန် ၄၅၀၀၀ ၀န်းကျင်ရှိပါတယ်။ “၂၀၁၂ အရေးအခင်းဖြစ်ပြီး ကမန်လူမျိုးတွေဟာ နေရပ်စွန့်ခွာကြရပေမယ့် တချို့ ကျန်နေသေးတယ်။ ပမာဏနည်းပါတယ်။ သူတို့ကတော့ အစိုးရဝန်ထမ်းတွေ ဖြစ်နေလို့ မပြောင်းရတာဖြစ်တယ်” လို့လည်း ရခိုင်လူမျိုးများ တိုင်းရင်းသားရေးရာဝန်ကြီးက ဆိုပါတယ်။ ၂၀၁၂ ခုနှစ် မေလက ဖြစ်ပွားတဲ့ ရာဇဝတ်မှုတခုက အခြေအနေကို ရုတ်ချည်း ပြောင်းလဲသွားစေပါတယ်။ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ ရခိုင်အမျိုးသမီးငယ်တဦးဟာ အဓမ္မပြုကျင့်ပြီး ခေါင်းဖြတ်အသတ်ခံရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂါလီ (ရိုဟင်ဂျာ) အမျိုးသား ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး တယောက်ကတော့ အချုပ်ခန်းအတွင်း မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ တရားခံ ၂ ဦးကို သေဒဏ်ချမှတ်ခဲ့ပါတယ်။ လက်တုံ့ပြန်မှုတွေ ဖြစ်ပွားခဲ့တာမှာ တောင်ကုတ်မြို့နယ်မှာ ရခိုင်လူအုပ်က မွတ်ဆလင် ကိုးဦးကို သတ်ဖြတ်မှုပါ ပါဝင်ခဲ့ပါတယ်။ ကောလာဟလတွေနဲ့ မယုံကြည်မှုတွေ တိုးပွားခဲ့ပြီး ရခိုင်နဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေအကြား ပဋိပက္ခတွေ ပြန့်ထွက်ခဲ့ပါတယ်။ အဲဒီနောက်တော့ ကမန်တွေဟာ ကိုးကွယ်ရာ ဘာသာတူ ဘင်္ဂါလီတွေကို နိုင်ငံသားစိစစ်ရေးကတ်တွေရအောင် ကူညီတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကမန်တွေဘက် ပဋိပက္ခ ရောက်လာခဲ့ပါတော့တယ်။ “တောဘက်တွေ ပြေးလိုပြေး။ အိမ်တွေမှာ ဘာမှမရခဲ့ဘဲ ပြေးကြတာပေါ့” ပဋိပက္ခ ဖြစ်ပွားစဉ်က ကြုံတွေ့ခဲ့ရတာကို ဒေါ်တင်တင်စိန်က ပြောပါတယ်။ ကမန်လူမျိုး ရခိုင်တိုင်းရင်းသူ ဒေါ်တင်တင်စိန်ဟာ ရမ်းဗြဲမှာနေစဉ်က ကျောင်းသန့်ရှင်းရေးဝန်ထမ်းအလုပ်ကို လုပ်ကိုင်ခဲ့သူ ဖြစ်ပေမယ့် ယခု ပင်စင်စား အငြိမ်းစားဝန်ထမ်းအဖြစ် ရန်ကုန်မှာရှိတဲ့ သမီးဖြစ်သူဆီ လိုက်လာ ပြောင်းရွှေ့ခဲ့ရသူ ဖြစ်ပါတယ်။ လတ်တလော ရန်ကုန်မှာ သမီးနဲ့အတူ အိမ်ဆိုင်လေးဖွင့် ဝင်ငွေရှာ စားသောက်နေရသူပါ။ ကမန်အမျိုးသားတိုးတက်ရေးပါတီက အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက “အဓိကကတော့ လူတိုင်းလူတိုင်းမှာ လွတ်လပ်မှု၊ မျှတမှု၊ တန်းတူညီမှုဆိုတာ လူတိုင်း တန်ဖိုးထားကြတာပဲ။ ဆိုတော့ ဒီနိုင်ငံမှာလည်းပဲ နိုင်ငံသားဖြစ်မှု ဥပဒေတွေ ရှိပါတယ်။ ဥပဒေနဲ့ ညီတယ်ဆိုရင် နိုင်ငံသားဖြစ်တယ်။ နိုင်ငံသား ဖြစ်ပြီးသွားရင် ဘယ်အစိုးရပဲလာလာ ခိုင်မာသေချာ ရေရာတဲ့ အနာဂတ်၊ တိုင်းပြည်ရဲ့ အနာဂတ်ကို တည်ဆောက်ဖို့အတွက် နိုင်ငံသား တဦးချင်းဆီ အပေါ်မှာ အာမခံနိုင်တဲ့ အစိုးရမျိုးဖြစ်ဖို့လိုတယ်။ ထိုနည်းတူစွာပဲ ဥပဒေက ဘယ်လောက်ပဲ ပြဋ္ဌာန်းထား ပြဋ္ဌာန်းထား၊ ဥပဒေက ဘယ်လောက်ပဲ အာမခံထားထား အုပ်ချုပ်တဲ့ အာဏာရတဲ့ သူက ဒီဥပဒေကို အလွဲသုံးစားလုပ် ဆောင်ရွက်ခဲ့တဲ့ အကျိုးဆက်ဟာ တနိုင်ငံလုံး ခံစားနေရတယ်” လို့ ပြောပါတယ်။ “ရခိုင်ဒေသဟာ တရားဥဒေစိုးမိုးမှုကို လိုချင်နေတာ။ အဓိက တရားဥပဒေ စိုးမိုးသွားရင် ရခိုင်ဒေသဟာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ဖြစ်သွားတာ။ အဓိကလုပ်ဆောင်ရမှာက တရားဥပဒေစိုးမိုးမှု။ အစိုးရအနေနဲ့ ရခိုင်ပဲဖြစ်ဖြစ်၊ ဘင်္ဂါလီပဲဖြစ်ဖြစ်၊ ကမန်ပဲဖြစ်ဖြစ်၊ မြိုပဲဖြစ်ဖြစ် တဦးချင်းစီအပေါ်မှာ အစိုးရယန္တရား အာမခံလိုက်ရင် လူမျိုးရေး ဘာသာရေး ပဋိပက္ခဟာ ဖြစ်စရာ အကြောင်းကို မရှိဘူး" လို့လည်း ဦးတင်လှိုင်ဝင်းက ဆက်ပြောပါတယ်။ လက်ရှိ နေရပ်စွန့်ခွာခဲ့တဲ့ ရန်ကုန်ရောက် ကမန်တွေအတွက် သူတို့ ယုံကြည်အားထား ကိုးကွယ်ရာ ကိုယ်ပိုင်ဝတ်ပြုကျောင်း လိုအပ်မှု အခက်အခဲလည်း ရှိနေပါတယ်။ ရခိုင်ပြည်နယ်၊ မိတ္ထီလာ၊ မန္တလေး စတဲ့ဒေသတွေမှာ ဘာသာရေးပြဿနာတွေ ဖြစ်ပေါ်ခဲ့ပေမယ့် တချို့နေရာတွေမှာလည်း ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မွတ်ဆလင်၊ ဟိန္ဒူ ဘာသာစုံဟာ ငြိမ်းချမ်းစွာ အတူတကွ နေထိုင်နေကြပါတယ်။ “တိုင်းပြည်ငြိမ်းချမ်းရေး ရချင်တာပဲဖြစ်ဖြစ် တိုင်းပြည်စီးပွားရေး တိုးတက်ချင်တာပဲဖြစ်ဖြစ် ဘယ်အကြောင်းအရာမှာပဲဖြစ်ဖြစ် ကျနော်တို့က ဘုံရည်မှန်းချက်နဲ့ သွားတယ်ဆိုရင် ကျန်တဲ့ဟာက အလိုလို ပျောက်သွားတယ်” လို့ မြန်မာပြည်ရဲ့ ဘာသာရေးပြဿနာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ရဲ့ နာမည်တခုရနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်း ဥက္ကဋ္ဌ ဦးကိုကိုလေးက သုံးသပ်ပြောဆိုပါတယ်။ ဦးကိုကိုလေးဟာ မွတ်ဆလင်၊ ခရစ်ယာန်နဲ့ ဗမာ သူငယ်ချင်းသုံးယောက်ပေါင်းပြီး တည်ထောင်ထားတဲ့ ၁၆ နှစ်ကျော် သက်တမ်းရှိနေတဲ့ Three Friends Construction လုပ်ငန်းရဲ့ ဥက္ကဋ္ဌတဦးပဲ ဖြစ်ပါတယ်။ “အဓိက ကျနော်တို့ကလည်း ကျနော်တို့တိုင်းပြည် ဖွံ့ဖြိုးရမယ်။ ကျနော်တို့တိုင်းပြည် တိုးတက်ရမယ်ဆိုရင် ကျနော်က ဘုံရည်မှန်းချက်နဲ့ သွားဖို့ရှိပါတယ်။ နိမ့်ကျတဲ့ အတွေးအခေါ်လို့ ဆိုရမှာပေါ့။ ဒီလို အတွေးအခေါ် ရှိနေရင်တော့ တိုင်းပြည်အတွက် ဖွံ့ဖြိုးတိုးတက်ဖို့တော့ ခက်မှာပေါ့နော်" လို့ ဦးကိုကိုလေးက ပြောပါတယ်။ ကမန်နဲ့ ရခိုင်တွေရဲ့ အရင်လို ရင်းရင်းနှီးနှီး နေထိုင်နိုင်ဖို့အတွက် ကြိုးစားမှုကတော့ လက်တွေ့ လွယ်ကူတဲ့အရာ မဟုတ်ဘူး။ အစိုးရအနေနဲ့ ရခိုင်ပြည်အေးချမ်းဖို့အတွက် အဓိက အကြောင်းအရာက ရခိုင်နဲ့ပတ်သက်တဲ့ မူဝါဒတွေ အမြန်ရေးဆွဲဖို့ လိုသလို အမြန်ဆောင်ရွက်ဖို့လည်း လိုအပ်နေတယ်လို့ ရခိုင်အရေး စောင့်ကြည့်သူတချို့ကတော့ သုံးသပ်နေကြပါတယ်။ “နှစ်ပေါင်းများစွာ နေထိုင်လာတဲ့ လူကြီးမိဘတွေ ဇာတိဖြစ်တဲ့ ရမ်းဗြဲကို ပြန်ချင်ပေမယ့်လည်း ပြန်လို့မဖြစ်နိုင်တော့တဲ့ အခြေအနေမှာ ဖြစ်နေပြီလေ။ ဒါပေမယ့် ပြန်ချင်တာပေါ့။ ခုလောလောဆယ်တော့ ရန်ကုန်မှာ သမီးနဲ့အတူ နေရတာ အဆင်ပြေပါတယ်” လို့ သမီးမျက်နှာကို ကြည့်ရင်း ရီဝေတဲ့ မျက်ဝန်းတွေနဲ့ ကွမ်းယာဆိုင်လေးဖွင့်ထားတဲ့ အိမ်ရှေ့ ကွပ်ပြစ်ပေါ်ထိုင်ရင်း ဝါးကြမ်းခင်းလေးကို ငုံ့ငေးရင်း ဒေါ်တင်တင်စိန်က ပြောရှာပါတယ်။ မင်းရဲစစ်နိုင်
2 years Ago
More News
Up