မင်းဘူး-အမ်းလမ်းတွင် ဆန်အိတ်တင် ၆ ဘီးယာဉ် တိမ်းမှောက်၊ အမျိုးသား ၂ ဦးသေဆုံး

December 13, 2017

မင်းဘူး-အမ်းလမ်းတွင် ဆန်အိတ်တင် ၆ ဘီးယာဉ် တိမ်းမှောက်၊ အမျိုးသား ၂ ဦးသေဆုံး

  မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် မင်းဘူး-အမ်းလမ်း ဂုတ်ကြီးကျေးရွာအထက် မိုင်တိုင် ၁၃ အနီးမှာ ဆန်အိတ်တွေ တင်ဆောင်မောင်းနှင်လာတဲ့ ၆ ဘီးယာဉ်ဟာ မနေ့က တိမ်းမှောက်ခဲ့ပြီး အမျိုးသား ၂ ဦးသေဆုံးခဲ့တယ်လို့ ဂုတ်ကြီးရဲကင်း စခန်းမှူးက ပြောပါတယ်။ မင်းဘူး-အမ်းလမ်း ဂုတ်ကြီးကျေးရွာအထက်မိုင်တိုင် ၁၃ အနီးမှာ ဒီဇင်ဘာ ၁၂ ရက်နေ့က ရခိုင်မှ မကွေးတိုင်းဘက်သို့ ဆန်အိတ်တွေ တင်ဆောင်လာတဲ့ ၆ ဘီးယာဉ်ဟာ ကားလမ်းရဲ့ယာဘက်သို့ တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်း ပြည့်ဖြိုးအောင်နဲ့ ယာဉ်ပေါ်ပါ ကျော်ဝင်းထွန်းတို့မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့တာပါ။ ဂုတ်ကြီးရဲကင်း စခန်းမှူးရဲအုပ်ကျော်မျိုးက “ယာဉ်ပေါ်ပါနောက်တဦးဖြစ်တဲ့ ဖြိုးကိုကိုမှာ ဝဲဘက်မျက်လုံး ပေါက်ထွက်ဒဏ်ရာ တချက်၊ ဝဲနားထင် ပေါက်ပြဲဒဏ်ရာ တချက်၊ ယာ လက်မောင်း ပေါင်တို့တွင် ပွန်းပဲ့ဒဏ်ရာ ရရှိကာ အခင်းဖြစ်နေရာမှာ သတိလစ်နေတဲ့အတွက် သေဆုံးသူ ၂ ဦးနဲ့ ဒဏ်ရာရရှိသူတွေကို ပဒါန်းတိုက်နယ် ဆေးရုံကို ပို့ခဲ့တယ်”လို့ ပြောပါတယ်။ ယာဉ်မဆင်မခြင် မောင်းနှင်သူ ပြည့်ဖြိုးအောင်ကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ ယာဉ်(ပ)၁၉/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ-၃၀၄-က/၃၃၈ နဲ့ အမှုဖွင့်ထားပါတယ်။ သတင်း-မင်းထီး
3 years Ago
Up