အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် အကြိတ်အနယ်ရှိလှတဲ့ ဖလော်ရီဒါပြည်နယ်မှာ အောက်တိုဘာလ ၂၉ ရက်က ဒီမိုကရက်သမ္မတလောင်း ဂျိုးဘိုင်ဒင် မဲဆွယ်ပွဲသွားမယ့်သူတွေကို သမ္မတ ထရမ့်ထောက်ခံသူတွေက မခံချင်အောင် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
တစ်ဦးနဲ့ တစ်ဦး ခပ်ခွါခွါနေရေး စည်းကမ်းချက်တွေအရ ဘိုင်ဒင်ထောက်ခံသူတွေက မော်တော်ယာဉ်တွေနဲ့ သွားချိန်မှာ ထရမ့်ထောက်ခံသူတွေက "ဆိုရှယ်လစ်ဝါဒဟာ ဆိုးဝါးတယ်" "အမေရိကန်လူမည်းတွေဟာ ဒီမိုကရက်တွေကို မဲပေးစရာ မလိုဘူး" စတဲ့ စာတန်းတွေကိုင်ပြီး ရန်စကြတာပါ။
ဘိုင်ဒင်ထောက်ခံသူ တစ်ယောက်ကလည်း "ငါတို့က ကွန်မြူနစ်တွေ မဟုတ်ဘူး" လို့ စပိန်ဘာသာစကားနဲ့ ပြန်အော်ပြောခဲ့ပါတယ်။
ဖလော်ရီဒါဟာ စပိန်အနွယ် အတော်များများရှိရာ ပြည်နယ်ဖြစ်ပြီး တောင်ပိုင်းက ကျူဘားအနွယ် အမေရိကန်တွေကတော့ အစဉ်အလာအားဖြင့် ရီပတ်ဘလီကန်ကို ထောက်ခံပါတယ်။
ဖလော်ရီဒါအလယ်ပိုင်းက ပွါတိုရီကန် အသိုက်အဝန်းတွေကတော့ ဒီမိုကရက်တွေဘက်ကို အလေးသာနေပါတယ်။
ဒီမိုကရက်သမ္မတလောင်း ဘိုင်ဒင်ဟာ သမ္မတဟောင်း အိုဘားမားလောက် နိုင်ငံတဝှမ်းက စပိန်အနွယ်တွေအပေါ် လွှမ်းမိုးမှု မရှိဘူးဆိုတဲ့ ဒီမိုကရက်တွေရဲ့ စိုးရိမ်မှုကို လျော့နည်းစေဖို့ အောက်တိုဘာလ ၂၉ ရက်က ဖလော်ရီဒါမှာ မဲဆွယ်စည်းရုံးရေး ဆင်းခဲ့ပါတယ်။
မဲဆွယ်ပွဲအတွင်း ဘိုင်ဒင်က ထရမ့်ရဲ့ မဲဆွယ်ပွဲတွေဟာာ ကိုရိုနာဗိုင်းရပ်စ်ထက် ပိုပြီး ပျံ့နှံ့နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။
သမ္မတ ရွေးချယ်တင်မြှောက်မယ့်မဲ ၂၉ မဲ ရှိတဲ့ ဖလော်ရီဒါဟာ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲအတွက် အရေးပါလှပါတယ်။
၂၀၁၆ တုန်းက ထရမ့်ရဲ့ ဖလော်ရီဒါ အောင်ပွဲဟာ သူ့ကို ရွေးကောက်ပွဲမှာ မထင်မှတ်ဘဲ အနိုင်ရစေခဲ့တယ်လို့ ရိုက်တာက သုံးသပ်တင်ပြထားပါတယ်။
3 months Ago