ကစားသမားအသစ်ခေါ်ခြင်း မခေါ်ခြင်းက အသင်းအတွက်အဓိကမကျဘူးလို့ ရီးရဲလ်မက်ဒရစ်အသင်း ခေါင်းဆောင် ဆာဂျီယိုရာမို့စ်ကပြောပါတယ်။
ဘက်တစ်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ အခုလိုပြောခဲ့တာပါ။
ရီးရဲလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာအသင်းကိုဖြတ်ကျော်ပြီး လာလီဂါချန်ပီယံ ဆုကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် အခုရာသီမှာတော့ အသင်းကို ကစားသမားအသစ်ရောက်ရှိတာထက် ကစားသမား ထွက်ခွာတာက ပိုမိုများပြားနေပါတယ်။
ဂျိမ်းစ်ရိုဒရီဂွတ်ဇ်၊ ဆီဘယ်ယော့၊ ဂါရတ်ဘေးလ်တို့လို နာမည်ကြီး ကစားသမားတစ်ချို့ ပရီးမီးယားလိဂ်ကို ရောက်ရှိသွားခဲ့ပြီး ရယ်ဂီလွန်၊ ဟာကီမီတို့အပါအဝင် တခြားကစားသမား အများအပြားလည်း စာချုပ်အသီးသီး နဲ့ အသင်းကနေ ထွက်ခွာသွားခဲ့ကြပြီဖြစ်ပါတယ်။
ဒီလိုကစားသမားတွေထွက်ခွာသွားခဲ့ပေမယ့် ဇီဒန်းရဲ့အသင်းဟာ ကစားသမားခေါ်ယူမှုပြုလုပ်ထားတာ မရှိသေးဘဲ အငှားသွားကစားနေတဲ့ အိုဒီဂတ်သာ အသင်းကို ပြန်လည်ပူးပေါင်းထားပါတယ်။
ဒီအပေါ် ရီးရဲလ်အသင်းခေါင်းဆောင် ရာမို့စ်က “ကစားသမားသစ်မခေါ်လို့ဆိုပြီး ကျနော်တို့ စိတ်မကောင်းဖြစ်နေစရာ မလိုပါဘူး။ ကျနော်တို့အသင်းအနေနဲ့ အသင်းမှာရှိပြီးသား ကစားသမားတွေနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားရပါမယ်။ ကျနော်တို့ အခြေအနေက ကစားသစ်ခေါ်ယူမှု ဒါမှမဟုတ် တခြားအခြေအနေတခုခုပေါ်မှာ မူတည်နေတာမျိုး မဟုတ်ပါဘူး။” လို့ ပြောပါတယ်။
စနေနေ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ရီးရဲလ်အသင်းဟာ ဗယ်လ်ဗာဒီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၃၅ မိနစ်နဲ့ ၃၇ မိနစ်တို့မှာ ဘက်တစ်အသင်းဘက်က ဂိုးတွေ သွင်းယူနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။
ဒါပေမဲ့ ဒုတိယပိုင်းပြန်စစချင်းမှာ ဘက်တစ်ကစားသမား အီမာဆင်ရဲ့ own goal နဲ့ ချေပဂိုး ပြန်လည်ရရှိခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ရီးရဲလ်အသင်းဘက်က ပင်နယ်တီရရှိခဲ့ပြီး ဒီပြစ်ဒဏ်ဘော ကို ရာမို့စ်က ဂိုးအဖြစ်ပြောင်းလဲကာ အသင်းအတွက် အရေးပါတဲ့အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီပွဲဟာ ရီးရဲလ်အသင်းအတွက် ဒီရာသီပထမဆုံး နိုင်ပွဲလည်းဖြစ်ပါတယ်။
ဘက်တစ်နောက်ခံလူ ဘာထရာလက်နဲ့ ထိခဲ့တယ်ဆိုပြီး VAR ရဲ့ဆုံးဖြတ်ချက်ကြောင့် ရီးရဲလ်အသင်းဟာ ပင်နယ်တီရရှိခဲ့တာဖြစ်ပြီး ဒီကိစ္စမှာလည်း အငြင်းပွားမှုတွေရှိနေပါတယ်။
ဒါပေမယ့် ရာမို့စ်ကတော့ ဒီဖြစ်ရပ်ကို သေချာမမြင်လိုက်ရလို့ အငြင်းပွားမှုတွေအကြောင်း မပြောလိုပေမယ့် ဘောလုံးအားကစားမှာ ဘယ်အရာကိုမှ ပြန်ပြောင်းလဲလို့မရပါဘူးလို့ ပြောပါတယ်။
5 months Ago