မက္ကဆီကို ငလျင်ဘေးအတွက် ရန်ပုံငွေထည့်ဝင်ကြရန် နိုင်ငံတကာအနုပညာရှင်များ တိုက်တွန်း

September 27, 2017

မက္ကဆီကို ငလျင်ဘေးအတွက် ရန်ပုံငွေထည့်ဝင်ကြရန် နိုင်ငံတကာအနုပညာရှင်များ တိုက်တွန်း

မက္ကဆီကို ငလျင်ဘေးအတွက် ရန်ပုံငွေထည့်ဝင်ကြဖို့ နိုင်ငံတကာ အနုပညာရှင်တွေက လူမှုကွန်ရက်မီဒီယာကို အသုံးပြုပြီး တိုက်တွန်းနေကြပါတယ်။ မက္ကဆီကို လူမှုကွန်ရက်မီဒီယာမှာ နာမည်ကြီးတဲ့ ဟွမ်ပါ ဇူရီကာက “ကမ္ဘာတဝန်းမှာ လှူဒါန်းချင်သူတွေ အများကြီးရှိတာကို သိပါတယ်။ ဒါကြောင့် https://www.gofundme.com/ ဆိုတဲ့လင့်ခ်ကို ကျနော်တို့ ဖွင့်ထားပါတယ်။ ခင်ဗျားတို့ အလှူငွေတွေကို ကျေန်ာကိုယ်တိုင် ငလျင်ဘေးသင့် ပြည်သူတွေဆီ သွားလှူမှာပါ” လို့ ပြောပါတယ်။ အမေရိကန်သရုပ်ဆောင် ဘန်စတေလာက “အမေရိကန်တယောက်အနေနဲ့ ကိုယ့်အိမ်နီးချင်း မက္ကဆီိကို ဘေးဒုက္ခကြုံနေချိန်မှာ မိတ်ဆွေတွေကို ကူညီချင်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။ မက္ကဆီကန် သရုပ်ဆောင် ဒီယေးဂိုး လူနာက “ဒါက ပြိုကျအဆောက်အဦတလုံးပါ။ ကျနော်တို့ လှူဒါန်းလို့ရမယ့် ပလက်ဖောင်းတခု လုပ်ထားပါတယ်။ ကျနော်တို့မြို့ကို ကူညီတည်ဆောက်ပေးကြပါ။ လိုအပ်နေသူတွေကို ထောက်ပံ့ပေးကြပါဗျာ” လို့ တိုက်တွန်းခဲ့ပါတယ်။ ကိုလံဘီယာအဆိုတော် မာလူမာက “ငလျင်ဘေးကြောင့် အရေးပေါ် ရိက္ခာ၊ အမိုးအကာ၊ အစားအစာနဲ့ ရေ အရေးပေါ်လိုအပ်နေပါတယ်ခင်ဗျ” ဆိုပြီး အကူအညီတောင်းခံခဲ့ပါတယ်။ အမေရိကန်သရုပ်ဆောင် အီဗာ လောင်ဂိုရီယာက “မိတ်ဆွေတို့ရဲ့ အကူအညီကို လိုအပ်နေပါတယ်။ ဒါကြောင့်မို့ မာလူမာနဲ့ ကျမ နိုဝင်ဘာလ ၁ ရက်နေ့ကျရင် မက္ကဆီကိုစီးတီးမှာ မိတ်ဆွေတို့ကို လာရောက်တွေ့ဆုံမှာပါ။ ရရှိတဲ့ရန်ပုံငွေတွေကို ငလျင်ဘေးသင့် ပြည်သူတွေအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်ရှင်” လို့ ရှင်းပြပါတယ်။ “ဘုရားသခင် ကောင်းချီးပေးပါစေ။ မိတ်ဆွေတို့နဲ့ အတူရှိတယ်နော်။” ဆိုပြီး နိုင်ငံတကာ အနုပညာရှင်တွေဟာ လူမှုကွန်ရက်မီဒီယာကို အသုံးပြုပြီး တိုက်တွန်းလျက်ရှိပါတယ်။ မက္ကဆီကိုနိုင်ငံမှာ စက်တင်ဘာ ၁၉ ရက်နေ့က ပြင်းအား ၇ ဒသမ ၁ ရစ်ခ်ျတာစကေးရှိ မြေငလျင်လှုပ်ခတ်ခဲ့လို့ အနည်းဆုံး လူ ၃၂၅ ဦး သေဆုံးပြီး အဆောက်အဦ အများအပြား ပျက်စီးခဲ့တာဖြစ်ပါတယ်။
4 years Ago
Up