မက္ကဆီကို ကမ်းတက်တပ်ဖွဲ့ဝင်များနှင့် ရာဇဝတ်ဂိုဏ်သားများကြား တိုက်ပွဲဖြစ်

July 21, 2017

မက္ကဆီကို ကမ်းတက်တပ်ဖွဲ့ဝင်များနှင့် ရာဇဝတ်ဂိုဏ်သားများကြား တိုက်ပွဲဖြစ်

မက္ကဆီကိုနိုင်ငံရဲ့ မြို့တော် မက္ကဆီကိုစီးတီးမှာ ကမ်းတက်တပ်ဖွဲ့ဝင်တွေနဲ့ ရာဇဝတ်ဂိုဏ်းသားတွေလို့ သံသယရှိသူတွေကြား ဇူလိုင် ၂၀ ရက်က အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ခဲ့ပြီး ဂိုဏ်းသားလို့ သံသယရှိသူ အနည်းဆုံး ၈ ဦး သေဆုံးခဲ့ပါတယ်။ ဒါဟာ နိုင်ငံတွင်း မူးယစ်ဆေးနဲ့ပတ်သက်တဲ့ အကြမ်းဖက်မှုတွေထဲမှာ အဆိုးဆုံးဖြစ်ရပ်လည်း ဖြစ်ပါတယ်။ မြို့တော်ရဲ့ အရှေ့တောင်ပိုင်းက တလာဟွက်မြို့နယ်အတွင်း ကမ်းတက်တပ်ဖွဲ့ဝင်တွေ ကင်းလှည့်နေချိန်မှာ သူတို့ကို ဂိုဏ်းသားတွေလို့ သံသယရှိသူတွေက တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ခဲ့ကြောင်း မက္ကဆီကိုရေတပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။ သေဆုံးသူတွေထဲမှာ အကြမ်းဖက် ရာဇဝတ်ဂိုဏ်းခေါင်းဆောင်လို့ ရည်ညွှန်းခံရတဲ့ ဖိလစ်ပေ ဒေ ယေဆပ် လူနာလည်း ပါတယ်လို့ ရေတပ်က ပြောပါတယ်။ ဒီဂိုဏ်းသားတွေဟာ မူးယစ်ကုန်ကူးတာ၊ နှောင့်ယှက်လုယက်တာ၊ သတ်ဖြတ်တာနဲ့ ပြန်ပေးဆွဲတာတွေအတွက် သံသယရှိသူတွေလို့လည်း ရေတပ်က ပြောပါတယ်။ သူတို့နဲ့တိုက်ခဲ့တဲ့ စစ်သည်တွေ ဒဏ်ရာရသလား ဆိုတာကိုတော့ ရေတပ်က မပြောပါဘူး။ ကမ်းတက်တပ်ဖွဲ့ဝင်တွေဟာ ဒေသတွင်း ရာဇဝတ်ဂိုဏ်းသားတွေ ဘယ်မှာရှိတယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်အရ နယ်မြေရှင်းလင်းနေရင်း ခုလိုဖြစ်တာလို့ ကြေညာချက်က ဆိုပါတယ်။ ဇွန်လကုန်ပိုင်းကလည်း မက္ကဆီကို အနောက်မြောက်ဘက်မှာ သံသယဖြစ်ဖွယ် ဂိုဏ်းသားတွေနဲ့ လုံခြုံရေးတပ်တွေကြား တိုက်ပွဲဖြစ်ခဲ့ပြီး ဂိုဏ်းသားလို့ သံသယရှိသူ ၁၇ ဦး သေဆုံးခဲ့ဖူးပါတယ်။
6 years Ago
Up