မက္ကဆီကိုနိုင်ငံမှ ပြည်နယ်ရှေ့နေချုပ်တဦးကို မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီး

March 31, 2017

မက္ကဆီကိုနိုင်ငံမှ ပြည်နယ်ရှေ့နေချုပ်တဦးကို မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီး

မက္ကဆီကိုနိုင်ငံ နာယာရစ်ပြည်နယ် ရှေ့နေချုပ်ကို မူးယစ်ဆေးဝါးမှုနဲ့ ဆန်ဒီယားဂိုးမြို့မှာ ဖမ်းဆီးလိုက်ကြောင်း အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က မတ် ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အသက် ၄၅ နှစ်အရွယ်ရှိ အက်ဒ်ဂါဗေတီယာဟာ ၂၀၁၃ ခုနှစ်ကတည်းကစပြီး နယာရစ်ပြည်နယ်ရဲ့ ထိပ်တန်းဥပဒေအရာရှိတဦးအဖြစ် တာဝန်ထမ်းနေတာ ဖြစ်ပါတယ်။ သူ့ကို ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို (အက်ဖ်ဘီအိုင်)၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာနနဲ့ ပြည်တွင်းလုံခြုံရေးဌာန လက်အောက်ခံ စုံစမ်းစစ်ဆေးရေးဌာနတို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုမှာ ပူးပေါင်းကြံစည်မှုနဲ့ မတ် ၂၇ ရက်နေ့က ဖမ်းဆီးလိုက်တာပါ။ ဒီဖမ်းဆီးမှုဟာ နာယာရစ်ပြည်နယ်ကို တိုက်ရိုက်ကိုင်တွယ်အုပ်ချုပ်နေတဲ့ မက္ကဆီကိုသမ္မတ ပန်နာနီယဲတိုးနဲ့ သူ့ရဲ့ တော်လှန်ရေးပါတီကို ပိုပြီး အကြပ်ရိုက်စေပါတယ်။ ရှေ့နေချုပ် ဗေတီယာကို ဆန်ဒီယားဂိုးခရိုင် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပေမယ့် အမေရိကန် အာဏာပိုင်တွေက လူထုရှေ့ ထုတ်ပြတာမျိုး မလုပ်သလို သူနဲ့ပတ်သက်ပြီး နောက်ထပ် အသေးစိတ်အချက် ရှင်းပြတာမျိုးလည်း မရှိပါဘူး။ လောလောဆယ်မှာတော့ အမေရိကန်အာဏာပိုင်တွေက ရှေ့နေချုပ် ဗေတီယာကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလကနေ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း အမေရိကန်ပြည်ထောင်စုဆီ ဘိန်းဖြူ၊၊ ကိုကင်း၊ မက်သမ်ဖက်တမင်းနဲ့ ဆေးခြောက်အမြောက်အမြား ခိုးသွင်းဖို့ ပူးပေါင်းကြံစည်မှုနဲ့ စွဲချက်တင်ထားကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
5 years Ago
Up