မက္ကဆီကိုအမျိုးသား

March 3, 2019

မကျူးလွန်ခဲ့သည့် ပြစ်မှုအတွက် မက္ကဆီကိုအမျိုးသားတဦး ထောင်ထဲ ၁၉ နှစ်နေထိုင်ခဲ့ရ

လာမယ့် ၂၀၁၉ ခုနှစ် မေလ ၂၆ ရက်နေ့ဟာ မန်နျူရယ်ဂျာမာန်ရာမီရက်ဇ် ဗယ်ဒိုဗီနို့စ် ထောင်ထဲရောက်တာ ၁၉ နှစ်ပြည့်တဲ့နေပဲဖြစ်ပါတယ်။ သူဟာ လူသတ်မှုအတွက် ထောင်ဒဏ် ၄၃ နှစ်ချမှတ်ခံထားရသူဖြစ်ပြီး ထူးဆန်းတာက သူ့လက်ချက်ကြောင့် သေသွားခဲ့တယ်ဆိုတဲ့ လူဟာ အခုချိန်ထိ ကျန်းကျန်းမာမာနဲ့ အသက် ရှင်နေဆဲဖြစ်တာပါပဲ။ မန်နျူရယ်ဟာ မက္ကဆီကိုနိုင်ငံ တီရှာပန်မြို့မှာရှိတဲ့ ကျောင်းတခုရဲ့ ဂီတဆရာတယောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ် မေ ၂၆ ရက်က ဗယ်ဒိုဗီနို့စ်ဟာ သူ့သားလေးရဲ့ တလပြည့်မွေးနေ့ပွဲလုပ်ဖို့ အလုပ်ကနေ ပြန်အလာမှာ အထူးတပ်ဖွဲ့ဝင်ခြောက်ဦးရဲ့ ဖမ်းဆီးတာကို ခံလိုက်ရပါတယ်။ ဒီတပ်ဖွဲ့ဝင်တွေဟာ သူ့အိမ်ကို ဝရမ်းမပါဘဲ ဝင်ရောက်ခဲ့တာဖြစ်ပြီး နံပါတ်မပါတဲ့ ကားနဲ့ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အဲ့ဒီနောက်မှာ သူ့ကို နည်းမျိုးစုံနဲ့ နှိပ်စက်စစ်ဆေးခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက သူ့အသက်ဟာ ၂၂ နှစ်သာရှိပါသေးတယ်။ ရဲတပ်ဖွဲ့က မန်နျူရယ်အား သူ့သူငယ်ချင်းဖြစ်တဲ့ မာတီနက်ဇ်ကို သတ်ခဲ့တယ်လို့ စွပ်စွဲခဲ့ ကြပြီး မန်နျူရယ်ကတော့ သူနဲ့မာတီနက်ဇ်တို့ဟာ လုံးဝရန်ဖြစ်ဖူးခြင်းတောင် မရှိဘူးလို့ ဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာသိရတာက မာတီနက်ဇ်တို့မိသားစုတွေဟာ ပူးပေါင်းပြီးတော့ မန်နျူရယ်ကို ထောင်ချောက်ဆင်ခဲ့တာပဲဖြစ်ပါတယ်။ မာတီနက်ဇ်နဲ့ သူ့အဖေဟာ ဒေါ်လာ ၁ သန်းတန် အာမခံရရှိဖို့အတွက် မာတီနက်ဇ် အသတ်ခံရတယ်လို့ လိမ်ညာပြောဆိုခဲ့ပြီး မန်နျူရယ်ကို တရားခံအဖြစ်ဖမ်းပေးဖို့ ရဲတပ်ဖွဲ့ကို လာဘ်ထိုး စည်းရုံးခဲ့တယ်လို့ သိရပါတယ်။ မာတီနက် အသတ်ခံရတယ်လို့ သတင်းလွှင့်ပြီး နာရေးမှာ တခြားအလောင်းတလောင်းကို အသုံးပြုခဲ့ကာ မာတီနက်ဇ်က အမေရိကန်ပြည်ထောင်စုကို ပြောင်းရွေ့ကာ မျက်နှာခွဲစိတ်မှုတွေ လုပ်ဆောင်ထားတယ်လို့ မန်နျူရယ်က ပြောပါတယ်။ မာတီနက်ဇ်ဟာ အာမခံကြေးရရှိတဲ့ ငွေကြေးတွေနဲ့ ဒီလိုလုပ်ဆောင်တာဖြစ်ပြီး မက္ကဆီကိုက သူတို့မိသားစုနေအိမ်ကိုလည်း အကောင်းစားတည်ဆောက်ထားတယ်လို့ မန်နျူရယ်က ပြောပါတယ်။ မန်နျူရယ်ဟာ မာတီနက်ဇ်ရဲ့ အလောင်းအဖြစ် အသုဘအခမ်းအနားမှာ အသုံးချခဲ့တဲ့ အလောင်းတုဟာ မာတီနက်ဇ်နဲ့ အသားအရည်ချင်း ကွာသလို၊ အရပ်လည်း ပိုပုနေတယ်လို့ ဆိုပါတယ်။ သူက ဒီအချက်တွေကို ထောက်ပြ စောဒကတက်ခဲ့ပေမယ့် တရားသူကြီးက လက်မခံဘဲ သူ့ကို ထောင်ဒဏ် ၄၃ နှစ်ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။ မန်နျူရယ်ဟာ ပြီးခဲ့တဲ့ ၁၉ နှစ်လုံးလုံး မက္ကဆီကိုနိုင်ငံ တဝန်းလုံးက ထောင်တွေမှာ လှည့်လည်နေထိုင်ခဲ့ရပြီး သူ့အမှုအတွက် မက္ကဆီကို သမ္မတအပါအဝင် တနိုင်ငံလုံးက တရားရုံးတွေကို ပြန်လည်စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ပေမယ့် တစုံတရာ မထူးခြားလာဘူးလို့ သိရပါတယ်။ နိုင်ငံတွင်း တရားရေးအဖွဲ့အစည်းတွေဆီက တုံ့ပြန်မှုမရတာကြောင့် မန်နျူရယ်နဲ့ သူ့ဇနီးတို့ဟာ Inter-American လူ့အခွင့်အရေးတရားရုံးကို တိုင်ကြားခဲ့ပြီး တရားရုံးက အစ္စတန်ဘူလ် ပရိုတိုကောအရ မန်နျူ ရယ်ကို ကာကွယ်ပေးဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
3 years Ago
Up