မက္ကဆီကိုသမ္မတ

July 28, 2015

ကျောင်းသား ၄၃ ဦးပျောက်ဆုံးမှု ၁၀ လပြည့် မက္ကဆီကိုတွင် ချီတက်ဆန္ဒပြ

မက္ကဆီကိုနိုင်ငံ မြို့တော် မက္ကဆီကို စီးတီးမှာ ဇူလိုင် ၂၆ ရက်နေ့က ရာနဲ့ချီတဲ့လူတွေ စီတန်းလှည့်လည်ခဲ့ကြပါတယ်။ ဂွါရယ်ရိုမြို့က ကျောင်းသား ၄၃ ဦး ပျောက်ဆုံးမှု ဆယ်လပြည့် အထိမ်းအမှတ်အနေနဲ့ ခုလိုချီတက်တာ ဖြစ်ပါတယ်။ ပျောက်ဆုံးပြီးတဲ့နောက် သေဆုံးပြီလို့ ယူဆရတဲ့ ကျောင်းသားတွေရဲ့ ဆွေမျိုးတွေက ရီဖော်မာ ရိပ်သာလမ်းတလျှောက် ချီတက်ပြီး တရားမျှတမှုကို တောင်းဆိုခဲ့ကြပါတယ်။ ကျန်ခဲ့တဲ့ စက်တင်ဘာလက အစုလိုက် အပြုံလိုက် အသတ်ခံခဲ့ရပုံပေါ်တဲ့ ပျောက်ဆုံး ကျောင်းသားတွေအရေး စုံစမ်းစစ်ဆေးမှုမှာ ဆိုးရွားတဲ့ ချို့ယွင်းချက်တွေရှိတာ တွေ့တယ်လို့ လွတ်လပ်တဲ့ မက္ကဆီကန် ကော်မရှင်က ပြောအပြီး အခုလို ချီတက်ကြတာပါ။ သူတို့ သေပြီဆိုတာ သိပ္ပံနည်းကျ သက်သေပြမှု မရှိသေးသမျှ မိဘတွေနဲ့ ကျောင်းသားတွေမှာ သူတို့ကိုဆက်ရှာဖို့ စိတ်ပိုင်းဆိုင်ရာ မျှော်လင့်ချက်နဲ့ ကျင့်ဝတ်ရှိနေတယ်လို့ ပျောက်ဆုံးသင်တန်းသားတွေရဲ့ မိဘတွေအတွက် ပြောခွင့်ရက ပြောပါတယ်။ ဒီအမှုဟာ ကျောင်းသားတွေ ပျောက်ဆုံးမှုအတွက် အပြစ်ဒဏ် အပေးမခံရမှုကို ကိုယ်စားပြုလာခဲ့တာပါ။ သမ္မတ အန်ဒရီကေ ပန်နာ နီရေးတို ကိုလည်း အဆိုးရွားဆုံး အကျပ်အတည်းဆီ တွန်းပို့ ခဲ့ပါတယ်။ မက္ကဆီကို အနောက်တောင်ပိုင်းက အကျင့်ပျက်ခြစား ရဲတွေနဲ့အတူ အလုပ်လုပ်နေတဲ့ မူးယစ်ဂိုဏ်းက သင်တန်းသား၊ ဆရာတွေကို ပြန်ပေးဆွဲခဲ့ပြီးတဲ့နောက် အစုလိုက်အပြုံလိုက် အသတ်ခံရတာ ဖြစ်နိုင်ချေရှိတယ်လို့ သတ်မှတ်ထားကြပါတယ်။ အမျိုးသား လူ့အခွင့်ရေး ကော်မရှင်က ထုတ်ပြန်တဲ့ အစီရင်ခံစာကတော့ ရှေ့နေချုပ်ရုံးက ဘယ်သူဘယ်ဝါ ဖော်ထုတ်ထားတယ်ဆိုတဲ့ သင်တန်းသား ၄၃ ဦးထဲက တယောက်ရဲ့ ရုပ်ကြွင်းမှာ ခုထိ အခြေခံ သတင်းအချက်အလက် မရှိသေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဒီအမှုရဲ့ သံသယရှိသူ ၁၁ ဦးကို သင့်တော်တဲ့ စုံစမ်းစစ်ဆေးမှုလည်း လုပ်မထားဘူးလို့ ဆိုပါတယ်။ ရှေ့နေချုပ်ရုံးကတော့ မူးယစ်ဂိုဏ်းဟာ ကျောင်းသားတွေကို မှားယွင်းပြီး သတ်မိတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကျောင်းသားတွေဟာ အစဉ်အလာအရ အမာခံ လက်ဝဲယိမ်းတွေရှိရာ ကောလိပ်က ကျောင်းသားတွေပါ။ မက္ကဆီကို အာဏာပိုင်တွေကတော့ ကျောင်းသားတွေရဲ့ အလောင်းတွေကို မီးရှို့တာ မြေမြှုပ်တာ ဒါမှမဟုတ် မြစ်ထဲမျှောလိုက်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာလကတော့ ဓားစာခံတယောက်ရဲ့ ရုပ်ကြွင်းကို စစ်ဆေးမှုတွေက ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်နိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ကျန်ရစ်သူ မိသားစုကတော့ သက်သေပြချက် အပြည့်အစုံအတွက် စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။
7 years Ago
Up