မက္ကဆီကိုနယ်စပ်တံတိုင်း

February 6, 2019

မက္ကဆီကိုနယ်စပ်တံတိုင်း တည်ဆောက်သွားမည်ဟု ထရမ့် ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဖေဖော်ဝါရီ ၅ ရက် ကွန်ဂရက်မိန့်ခွန်းမှာ မက္ကဆီကိုနယ်စပ်တံတိုင်း တည်ဆောက်သွားမယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။ အရင်တုန်းက လွှတ်တော်အမတ်အများစုက တံတိုင်းတည်ဆောက်ရေး ထောက်ခံခဲ့ပေမယ့် တကယ်တမ်း ဖြစ်မလာခဲ့ဘဲ သူ့လက်ထက်မှာ တံတိုင်းကို တည်ဆောက်သွားမယ်လို့ သမ္မတ ထရမ့်က ပြောခဲ့ပါတယ်။ အဲဒီနောက် သမ္မတ ထရမ့်က သက်တမ်းရင့် သန္ဓေသားဖျက်ချတာကို တားမြစ်တဲ့ ဥပဒေ ပြဋ္ဌာန်းပေးရေး ကွန်ဂရက်ကို တိုက်တွန်းခဲ့ပါတယ်။ အာဖဂန်ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရနဲ့ အာဖဂန်လက်နက်ကိုင်တွေ အကြား ဆွေးနွေးနေပြီး အောင်မြင်ပါက အာဖဂန်က အမေရိကန် တပ်ဖွဲ့ဝင် အရေအတွက်ကို လျှော့ချနိုင်မယ်လို့ သမ္မတ ထရမ့်က ပြောခဲ့ပါတယ်။ ထရမ့်က ဆီးရီးယားမှာရှိတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေ ပြန်ခေါ်ချိန် တန်ပြီလို့လည်း ပြောခဲ့ပါတယ်။ ရှေ့အနာဂတ် အခွင့်အလမ်းတွေကို လှမ်းမျှော်ပြီး လွှတ်တော်အမတ်တွေ စည်းလုံးကြဖို့ ထရမ့်က တိုက်တွန်းရင်း သူ့ရဲ့ ကွန်ဂရက်မိန့်ခွန်းကို အဆုံးသတ်ခဲ့ပါတယ်။ မိန့်ခွန်းအဆုံးမှာတော့ အားလုံးက မတ်တပ်ရပ်ပြီး သမ္မတထရမ့်ကို လက်ခုပ်သြဘာ ပေးခဲ့ကြပါတယ်။
2 years Ago
Up