မက္ကဆီကိုတွင် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သတင်းထောက်တဦး ဒဏ်ရာအပြင်းအထန်ရ

March 30, 2017

မက္ကဆီကိုတွင် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သတင်းထောက်တဦး ဒဏ်ရာအပြင်းအထန်ရ

မတ် ၂၉ ရက်နေ့က မက္ကဆီကိုနိုင်ငံရဲ့ ရာဇဝတ်မှု ထူပြောလှတဲ့ ဗယ်ရာဂရုဇ်ပြည်နယ်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သတင်းထောက်တဦး ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ်။ ဒဏ်ရာအခြေအနေ ဆိုးဝါးတာကြောင့် ပထမဆေးရုံကနေ နောက်ဆေးရုံတခုကို ပြောင်းရွှေ့ပြီး ကုသနေရတယ်လို့ သိရပါတယ်။ ဗယ်ရာဂရုဇ် ဒေသခံသတင်းဌာန လာအော်ပီနီယံရဲ့ သတင်းထောက် အာမန်ဒို အာရီယေသာဟာ အလုပ်ကနေ အိမ်ကိုပြန်တဲ့အချိန် ပေါ်ဇာရီကာမြို့ထဲမှာ သေနတ်နဲ့ အချက်များစွာ ပစ်ခတ်ခံခဲ့ရတာပါ။ ၂၀၀၅ ခုနှစ်တုန်းကလည်း အဲဒီသတင်းဌာနက သတင်းထောက်တဦး လုပ်ကြံခံခဲ့ရပါသေးတယ်။ ဗယ်ရာဂရုဇ်ပြည်နယ် အုပ်ချုပ်ရေးမှူး မီဂဲလ်အန်ဂယ်လ်ယိုးနက်စ်က ပစ်ခတ်မှုကို ပြစ်တင်ရှုတ်ချပြီး တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။ ဗယ်ရာဂရုဇ်ဟာ မက္ကဆီကိုမှာ သတင်းထောက်တွေအတွက် အန္တရာယ်အရှိဆုံး ဒေသဖြစ်ပြီး ပြီးခဲ့တဲ့အပတ်ကလည်း သတင်းထောက် ရီကာဒိုမွန်လွေး လုပ်ကြံခံခဲ့ရပါတယ်။ ၂၀၁၀ ခုနှစ်ကစပြီး ဗယ်ရာဂရုဇ်ပြည်နယ် တခုတည်းမှာ လုပ်ကြံခံရတဲ့ သတင်းထောက် အနည်းဆုံး ၆ ဦးရှိတယ်လို့ သတင်းထောက်ကာကွယ်ရေးကော်မတီက ပြောခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်က စပြီး မက္ကဆီကိုနိုင်ငံတခုလုံးမှာ လုပ်ကြံခံရတဲ့ သတင်းထောက် အရေအတွက်ဟာ ၁၂၀ ကျော်တယ်လို့ နိုင်ငံလုံးဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်က ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up