မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း ပူဘလာပြည်နယ် ချီလ်ချော့တ်လာ (Chilchotla) မြို့က မီးရှူးမီးပန်းတွေသိုလှောင်တဲ့ အိမ်တလုံးမှာ မေလ ၈ ရက်နေ့က ပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပြီး ကလေး ၁၁ ဦး အပါအဝင် အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့သလို အများအပြားလည်း ဒဏ်ရာရခဲ့ပါတယ်။
လာမယ့်သီတင်းပတ်မှာပြုလုပ်မယ့် ဒေသဆိုင်ရာ ပွဲတော်အတွက် ပြင်ဆင်နေချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။
ပွဲတော်မှာအသုံးပြုမယ့် မီးရှူးမီးပန်းတွေကို အိမ်ထဲမှာ သိုလှောင်ထားပြီး အိမ်ထဲမှာလည်း လူတွေအများကြီး နေကြကြောင်း၊ အပြင်က လူတဦးက မီးရှူးမီးပန်းပစ်ဖောက်ရာ သိုလှောင်ထားတဲ့ မီးရှူးမီးပန်းပုံပေါ်ကျပြီး ပေါက်ကွဲတာဖြစ်ကြောင်း ပူဘလာပြည်နယ်အစိုးရက ပြောကြားခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် လူ ၉ ဦး ပွဲချင်းပြီး သေဆုံးပြီး ကျန် ၅ ဦးကတော့ အနီးဝန်းကျင် ဆေးရုံတွေကိုရောက်ပြီးမှ သေဆုံးတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း မက္ကဆီကိုမြို့တော် အပြင်ဘက်ရှိ မီးရှူးမီးပန်းဈေးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၃၅ ဦး သေဆုံးခဲ့ပါတယ်။
4 years Ago