မက္ကဆီကိုငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး အယောက် ၉၀ ရှိ

September 11, 2017

မက္ကဆီကိုငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး အယောက် ၉၀ ရှိ

မက္ကဆီကိုနိုင်ငံ တောင်ပိုင်းမှာ စက်တင်ဘာ ၇ ရက်ညက လှုပ်ခဲ့တဲ့ ပြင်းအား ရစ်ခ်ျတာစကေး ၈ ဒသမ ၁ ရှိ ငလျင်ကြောင့် သေဆုံးသူဦးရေဟာ စက်တင်ဘာ ၁၀ ရက်အထိ ကောက်ယူရရှိတဲ့ စာရင်းအရ အနည်းဆုံး အယောက် ၉၀ ဖြစ်လာပါတယ်။ အိမ်ခြေ ၆ သောင်းခွဲကျော် ပျက်စီးပြီး လူ ၂ သန်းလောက် ငလျင်ဘေး သင့်ခဲ့တယ်လို့လည်း အစိုးရအရာရှိတွေက ပြောပါတယ်။ ကပ်ဘေးနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုလည်း မကြာခင် ထုတ်ပြန်နိုင်တော့မယ်လို့ ဆိုပါတယ်။ ချီယာပတ်စ် ကမ်းရိုးတန်းမှာ လှုပ်ခဲ့တဲ့ ငလျင်ဟာ လူထောင်ချီ သေဆုံးခဲ့တဲ့ ၁၉၈၅ ငလျင်ထက် ပိုပြင်းထန်ပါတယ်။ ဒါပေမယ့် ငလျင်က မြေအောက် ပိုနက်တဲ့နေရာကို ဗဟိုပြုခဲ့ပြီး လူထူတဲ့ မြို့တော်ကနေ ဝေးတဲ့နေရာကို ဗဟိုပြု လှုပ်ခတ်ခဲ့လို့ သေဆုံးပျက်စီးမှု သက်သာခဲ့ပါတယ်။ နိုင်ငံတောင်ပိုင်း အောက်ကာဆာပြည်နယ်မှာ စက်တင်ဘာ ၉ ရက်နှောင်းပိုင်းထိ သေဆုံးသူဦးရေ ၇၁ ဦး ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ပြည်နယ်တွင်း အဆောက်အဦနဲ့ အိမ်လေးတွေ ပြားပြားဝပ် ပျက်စီးနေတဲ့ပုံတွေကို ရုပ်သံတွေက ပြသနေပါတယ်။ ငလျင်လှုပ်အပြီး မြေပြင်တုန်ခါမှုတွေ စက်တင်ဘာ ၁၀ ရက်အထိ ဆက်လက် လှုပ်ခတ်နေလို့ ပင်မငလျင်ကြီးကြောင့် ကြံ့ခိုင်မှုအားနည်းနေတဲ့ အဆောက်အဦတွေကို ခါချသလို ဖြစ်မှာ ဒေသခံတွေ စိုးရိမ်ကြပြီး လူအများအပြားဟာ ပန်းခြံတွေနဲ့ လေဟာပြင်ထဲမှာ အိပ်စက်ကြပါတယ်။ ငလျင်ကြောင့် စည်ပင်နယ်နိမိတ် ၄၁ ခု ထိခိုက်ခဲ့တယ်လို့ အောက်ကာဆာ အုပ်ချုပ်ရေးမှူး အလီဂျန်ဒရို မူရတ်က မက္ကဆီကန်ရုပ်သံကို ပြောပါတယ်။ ဂျူချီတန် တမြို့တည်းမှာ အိမ်ခြေ ငါးထောင်ကျော် ပျက်စီးပြီး ထောင်သောင်းချီတဲ့လူတွေ လျှပ်စစ်နဲ့ ရေမရှိဘဲ နေနေရပါတယ်။ ကမ်းရိုးတန်းဒေသက လူအများအပြားကိုလည်း ဆူနာမီ သတိပေးချက်တွေကြောင့် ဘေးကင်းရာနေရာကို ရွှေ့ပြောင်းပေးထားရပါတယ်။ သမ္မတ အန်ဒရေ ပေနာ နေတိုက တနိုင်ငံလုံး ဝမ်းနည်းခြင်းအထိမ်းအမှတ် ၃ ရက်  သတ်မှတ်ကြေညာခဲ့သလို ပျက်စီးသွားတဲ့ မြို့ရွာတွေကို ပြန်တည်ဆောက်ပေးမယ်လို့လည်း ကတိပြုပါတယ်။ ပိုချမ်းသာတဲ့ မြောက်ပိုင်းနဲ့ အလယ်ပိုင်း မက္ကဆီကို ပြည်သူတွေဆီက အကူအညီကို မရသေးလို့ တောင်ပိုင်းက ဆင်းရဲသူတွေက စိတ်ပျက်ကြောင်း ရုပ်သံ လူတွေ့မေးမြန်းခန်းမှာ ဖြေကြားခဲ့ကြပါတယ်။
4 years Ago
Up