မက္ကဆီကိုငလျင်

November 9, 2017

မက္ကဆီကိုငလျင်ကြောင့် ပျက်စီးခဲ့သည့် စာသင်ကျောင်းများ ပိတ်ထား၍ လမ်းပေါ်ထွက် စာသင်

မက္ကဆီကိုစီးတီးငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ကျောင်းတချို့ကို ပိတ်ထားဆဲဖြစ်တာမို့ အခုအခါ ဆရာနဲ့ကျောင်းသားတွေဟာ လမ်းပေါ်ထွက် စာသင်နေကြရပါတယ်။ ငလျင်လှုပ်ခတ်ပြီးလို့ နှစ်လနီးပါး ရှိသွားပေမယ့် ဆင်ခြေဖုံးဒေသရှိ ပျက်စီးခဲ့တဲ့ ကျောင်းတချို့ကို ပိတ်ထားဆဲဖြစ်ပါတယ်။ ဒီအတွက် အဲဒီကျောင်းတွေ ပြန်ဖွင့်မှာကို စောင့်ပြီး ဆရာနဲ့ ကျောင်းသားတချို့ဟာ လမ်းပေါ်ထွက် စာသင်နေတာကို မြင်တွေ့ရပါတယ်။ ကျောင်းဆရာတဦးက “ကျောင်းတွေကို အမြန်ဆုံးပြန်ဖွင့်နိုင်အောင် လုပ်ပေးဖို့ လိုပါတယ်ဗျာ။ ပြန်တည်ဆောက်တဲ့အခါမှာလည်း ဘေးအန္တရာယ်ကင်းတဲ့ကျောင်းတွေ ဖြစ်ဖို့လိုပါတယ်။ နောက်ပြီးတော့ ကျောင်းတွေကို ကောင်းကောင်းကြီးကြပ်ရမယ်။ ဒါမှ မိဘတွေလည်း စိတ်အေးနိုင်မယ်” လို့ ပြောပါတယ်။ အဲဒီအတွက် ကျောင်းဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားမိဘတွေဟာ ပျက်စီးသွားတဲ့ကျောင်းတွေကို ဦးစားပေး အမြန်ပြင်ဆင်ပေးဖို့နဲ့ ဘေးအန္တရာယ်ကင်းတဲ့ ကျောင်းတွေဖြစ်ဖို့ သက်ဆိုင်ရာကို တောင်းဆိုခဲ့ကြပါတယ်။ ကျောင်းသားမိဘတဦးက “သက်ဆိုင်ရာက  အမိုးတွေ လာမိုးပေးပြီး စာသင်လို့ရပြီလို့ ပြောသွားတယ်။ ဒါပေမယ့် လုံခြုံရေးပိုင်းနဲ့ပတ်သက်လို့ ကျမတို့ကလေးတွေ တခုခုဖြစ်ရင် တာဝန်ယူပါတယ်ဆိုပြီး ရေးထားတဲ့ စာလေးတစောင်တောင် မပေးဘူး” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလက လှုပ်ခတ်ခဲ့တဲ့ မက္ကဆီကိုစီးတီးငလျင်ကြောင့် မူလတန်းကျောင်း နှစ်ကျောင်း ပြိုကျခဲ့ပြီး ကျောင်းသားကျောင်းသူ ၂၀ လောက် သေဆုံးခဲ့ရပါတယ်။
3 years Ago

September 21, 2017

မက္ကဆီကိုငလျင် အပျက်အစီးများကြား ပိတ်မိနေသည့် ၆၇ နှစ်အရွယ် အဖိုးအိုကို ကယ်တင်

မက္ကဆီကိုမြေငလျင်ဒဏ်ကြောင့် ပြိုကျတဲ့ အပျက်အစီးတွေထဲ ပိတ်မိနေတဲ့ အဖိုးအိုတဦးကို ကယ်ဆယ်ရေးလုပ်သားတွေက စက်တင်ဘာ ၂၀ ရက်မှာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။ အသက် ၆၇ နှစ်အရွယ်ရှိ ဟိုဆေး လူးဝစ် ပွန်စယ်ဆိုသူ အဖိုးအိုဟာ မက္ကဆီကိုစီးတီးမြို့ ဆင်ခြေဖုံးရပ်ကွက်တခုက အထပ် ၉ ထပ်ရှိ အဆောက်အဦတခုမှာ နေထိုင်တာဖြစ်ပါတယ်။ ငလျင်လှုပ်ချိန်မှာ အဲဒီအဆောက်အဦ တခုလုံး ပြိုကျခဲ့ပြီး ဒုတိယထပ်ရှိ သူ့ရဲ့နေအိမ်ထဲမှာ တရက်ကြာ ပိတ်မိနေခဲ့တာပါ။ ဒါပေမယ့် ကယ်ဆယ်ရေးလုပ်သားတွေရဲ့ ကြိုးစားရှာဖွေမှုကြောင့် နောက်တရက်မှာ အဖိုးအို ပွန်စယ်ကို အသက်ရှင်ရက် ကယ်တင်နိုင်ခဲ့ပါတယ်။ မက္ကဆီကိုနိုင်ငံ မြို့တော် မက္ကဆီကိုစီးတီး အနီးတဝိုက်မှာ စက်တင်ဘာ ၁၉ ရက်က ပြင်းအား ၇ ဒသမ ၁ မဂ္ဂနီကျုရှိ မြေငလျင်လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၂၂၄ ဦး သေဆုံးကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ကယ်လီဖိုးနီးယားအခြေစိုက် လော့စ်အိန်ဂျလိစ်တိုင်းမ်သတင်းမှာတော့ သေဆုံးသူ ၂၄၈ ဦးရှိကြောင်း ဖော်ပြထားပါတယ်။
4 years Ago

မက္ကဆီကိုငလျင် လှုပ်ခတ်ပြီးနောက် အဆောက်အဦအပျက်ကြားမှ လူ ၈၃ ဦးကို ကယ်ဆယ်

မက္ကဆီကိုနိုင်ငံမှာ အားပြင်းတဲ့ မြေငလျင် လှုပ်ခတ်ပြီးနောက် အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေဟာ အဆောက်အဦ အပြိုအပျက်တွေကြားထဲက လူ ၈၃ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ မက္ကဆီကိုအစိုးရက စက်တင်ဘာ ၂၀ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက မြို့တော် မက္ကဆီကိုစီးတီးနဲ့ အနီးဝန်းကျင် ပြည်နယ်တွေမှာ လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် အနည်းဆုံး ၂၂၅ ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပြီး လော့စ်အိန်ဂျလိစ်တိုင်းစ်မှာတော့ ၂၄၈ ဦး သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံတဝှမ်းမှာရှိကြတဲ့ စေတနာ့ဝန်ထမ်းတွေဟာလည်း မက္ကဆီကိုစီးတီးကို လာရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဝိုင်းဝန်းကူညီကြပါတယ်။ စေတနာ့ဝန်ထမ်းတဦးက သူ့အနေနဲ့ မြေငလျင်ကယ်ဆယ်ရေးမှာ ဒုတိယအကြိမ် လာရောက်ကူညီပေးတာ ဖြစ်တယ်၊ ပထမတကြိမ်က မက္ကဆီကိုတောင်ပိုင်း မြေငလျင် ကယ်ဆယ်ရေးမှာ ကူညီပေးခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up