မကွေးလေတပ်စခန်းဌာနချုပ်

May 28, 2021

မကွေးလေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်များ ဆက်တိုက် အတက်အဆင်းပြုလုပ်နေ

မကွေးလေတပ်စခန်းဌာနချုပ်မှာ မေ ၂၈ ရက်မနက်ပိုင်းက တိုက်လေယာဉ်တွေ အတက်အဆင်း ဆက်တိုက်လုပ်နေတယ်လို့ မကွေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

"မကွေးလေတပ်စခန်းဌာနချုပ်က ဂျက်တိုက်လေယာဉ်တွေ ဒီနေ့မနက်ပိုင်းမှာကိုပဲ အိမ်ခေါင်မိုးပေါ်ကနေ ဖြတ်ပျံနေတာ အကြိမ် ၂၀ မက ရှိပြီ"လို့ လေတပ်စခန်းနဲ့ နီးစပ်တဲ့ မြို့ခံ တစ်ယောက်က ပြောပါတယ်။

တိုင်းရင်းသားဒေသတွေဖြစ်တဲ့ KIO/ KIA နဲ့  KNU/KNLA နယ်မြေတွေ အပါအဝင် ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲမှာကို မကွေးမြို့ခံတွေ စိုးရိမ်နေကြပြီး ဘေးအန္တရာယ်ကင်းအောင်လည်း ဆုတောင်းပေးနေတယ်လို့ ဆိုပါတယ်။

ဧပြီ ၂၉ ရက်က မကွေးလေတပ်စခန်းဌာနချုပ်နဲ့ မိထ္ထီလာလေတပ်စခန်းဌာနချုပ်တွေ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။

6 months Ago

April 29, 2021

မကွေးလေတပ်စခန်းဌာနချုပ်တွင် ပေါက်ကွဲမှုဖြစ်

မကွေးမြို့ လေတပ်စခန်းဌာနချုပ်မှာ ဧပြီ ၂၉ ရက် မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးတာတွေ လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ဒီနေ့မနက်အစောပိုင်း ၃ နာရီလောက်က မကွေးလေတပ်စခန်းဘက်က ပေါက်ကွဲသံ ၅ ချက်လောက် ကြားလိုက်ရတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာတော့ မသိရသေးပါဘူး” လို့ မကွေးဒေသခံတစ်ယောက်က ပြောပါတယ်။

အဲဒီလို ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်မှာတော့ မကွေးမြို့နေရာအနှံ့မှာ လမ်းသွားလမ်းလာတွေ ကို တားဆီးစစ်ဆေးတာတွေ ရှိသလို သေနတ်တွေနဲ့ ရမ်းသန်းပြီး ပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

မကွေးမြို့ အဝင်အထွက်တွေကိုလည်း ပိတ်ဆို့စစ်ဆေးတာတွေ လုပ်နေပြီး မြသလွန်ဘုရား၊ အခွန်လွတ်စျေးဘက်က စျေးသည်တချို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ်လို့ ပြောပါတယ်။

ဒီရက်ပိုင်းမှာတော့ မကွေးလေတပ်စခန်းဌာနချုပ်က တိုက်လေယဉ်တွေဟာ ဆက်တိုက် ပျံသန်းနေပြီးတော့ ကချင်နဲ့ ကရင်ပြည်နယ်ဘက်ကို သွားရောက်တိုက်ခိုက်နေတာလို့လည်း မြို့ခံတချို့က ခန့်မှန်းထားပါတယ်။

7 months Ago
Up