မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတာတို့ အကျဉ်းထောင်ထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရတယ်လို့ ဝန်ကြီးချုပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုဟာ အောက်ဆီဂျင် ၉၀ အောက်ထိ ကျဆင်းနေပြီးတော့ လွှတ်တော် ဥက္ကဋ္ဌ ဦးတာဟာလည်း အောက်ဆီဂျင်ကျဆင်းနေတဲ့အပြင် ဆီးချို၊ သွေးချို ရောဂါအခံရှိတယ်လို့ ဆိုပါတယ်။
မကွေးတိုင်းဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ကို အာဏာသိမ်းစစ်ကောင်စီက အဂတိလိုက်စားမှု အပါအဝင် ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချပြီး စစ်ဆေးနေတာ ဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ အစိုးရအဖွဲ့ဝန်ကြီးတချို့နဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေ ဖေဖော်ဝါရီ ၁ ရက်နေ့က ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။
မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက "ကျနော်ကိုတော့ ဇန်နဝါရီ ၁ ရက်နေ့ မနက် ၅ နာရီလောက်က လက်ထိပ်ခတ် မျက်နှာဖုံးစွပ်ပြီးတော့ တောင်တွင်းကြီးဘက်က ဆတ်သွား စစ်တပ်ဘက်ကို ခေါ်သွားတယ်။ ဟိုမှာ ၁ နာရီလောက် တည်းခိုရိပ်သာမှာ နေခိုင်းပြီးတော့ မကွေးပြန်ရမယ်ဆိုပြီး မနေ့က ၁၁ နာရီမတ်တင်းလောက်ကို ပြန်လွှတ်လိုက်တာပါ။” လို့ပြောတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုရဲ့ သတင်းကတော့ မရသေးပါဘူးလို့ ပြောပါတယ်။
“ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးတော့ ပြန်မရောက်သေးဘူး။ ကျန်တဲ့ ဝန်ကြီး ဦးဇော်မင်းနဲ့ လွှတ်တော် ဒုဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းတော့ ပြန်ရောက်တယ်။ ဦးတင်နွယ်ဦးကတော့ ညက ပြန်ရောက်တယ်လို့ သတင်းရတယ် အတိကျတော့မသိသေးဘူး”လို့ ပြောပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပေးဖို့ အန်အယ်လ်ဒီ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဖေဖော်ဝါရီ ၂ ရက်နေ့ မနက်ပိုင်းမှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။
သတင်း - မင်းထီး