မကွေးတိုင်း ကျေးလက်လမ်း ၁၂၅ မိုင်အတွက် ကျပ် သန်း ၆၀၀၀ ကျော် သုံးမည်

January 29, 2020

မကွေးတိုင်း ကျေးလက်လမ်း ၁၂၅ မိုင်အတွက် ကျပ် သန်း ၆၀၀၀ ကျော် သုံးမည်

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ကျေးလက်လမ်း ၁၂၅ မိုင်အတွက် ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း ၆၀၀၀ ကျော် အသုံးပြုဆောင်ရွက်သွားမယ်လို့ မကွေးတိုင်းဒေသကြီး ကျေးလက်လမ်း ဦးစီးဌာနက သိရပါတယ်။ မကွေးတိုင်း ကျေးလက်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းခမ်းလှိုင်က “ကျေးလက် လမ်းဦးစီးဌာနကို ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထပ်တိုးဖွဲ့စည်းခဲ့ ပြီးတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်လမ်းလုပ်ငန်းတွေကို လွှဲပြောင်းရယူပြီး ဆောက်ရွက်ခဲ့တာပါ။ ကျေးလက်လမ်းတွေမှာ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်း၊ ကျောက်ခင်းလမ်း၊ (ဂဝံ)မြေနီလမ်း၊ မြေသားလမ်းတွေဖြစ်ပြီးတော့ ခရိုင်အလိုက် ကျေးရွာ ကုန်ထုတ်လုပ်ရေး လမ်းများကို ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်”လို့ ပြောပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စု ရန်ပုံငွေနဲ့ မကွေးခရိုင်အတွင်းမှာ ကျေးလက်လမ်း ၅၄ မိုင်ကျော်ကို ကျပ်သန်း ၃၀၀၀ ကျော်၊မင်းဘူးခရိုင်အတွင်းမှာ ကျေးလမ်း ၁၆ မိုင်ကျော်အတွက် ကျပ်သန်း ၈၀၀ ကျော်၊ သရက်ခရိုင်မှာ ကျပ်သန်း ၁၃၀၀ ကျော်၊ ပခုက္ကူခရိုင်မှာ ကျပ်သန်း ၇၀၀ ကျော်၊ ဂန့်ဂေါခရိုင်မှာ ကျပ်သန်း ၅၀၀ ကျော် စုစုပေါင်း ကျေးလက်လမ်းတွေအတွက် ကျပ်သန်း ၆၀၀၀ ကျော် အသုံးပြု ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ မကွေးတိုင်းအတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့ ကျေးရွာတွေကို လမ်းတွေ ဆက်သွယ်ပေးခြင်းဖြင့် ကျေးရွာထွက်ကုန်သီးနှံများကို အဆင်ပြေချောမွေစွာ သယ်ယူ ပို့ဆောင်မှာ ဖြစ်သလို အချိန်တိုအတွင်း လိုရာခရီးကို သွားနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။  ကျေးလက်လမ်းတွေ ဖောက်လုပ်တဲ့ အခါမှာလည်း လမ်းနယ်နမိတ်ကို ပေ ၄၀ မှ ပေ ၃၀ အထိ ကျယ်တဲ့လမ်းတွေ ဖောက်လုပ်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ သတင်း - ကိုလင်း(ချောက်)
3 years Ago
Up