မကွေးတိုင်းအတွင်း ဥပဒေအထောက်အကူပေးရေးအဖွဲ့က အမှု ၃၀ ကျော် အခမဲ့ကူညီပေးခဲ့

January 22, 2020

မကွေးတိုင်းအတွင်း ဥပဒေအထောက်အကူပေးရေးအဖွဲ့က အမှု ၃၀ ကျော် အခမဲ့ကူညီပေးခဲ့

မကွေးတိုင်းဒေသကြီးအတွင်းမှာ ဥပဒေဆိုင်ရာ အထောက်ကူပေးရေးအဖွဲ့က ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းက အမှုပေါင်း ၃၆ မှု အခမဲ့လိုက်လံကူညီပေးခဲ့ပြီး အခုနှစ်မှာလည်း ၅ မှု လိုက်ပါကူညီနေတယ်လို့ သိရပါတယ်။ ဆင်းရဲနွမ်းပါးသူတွေ၊ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ အထူးပြုစုစောင့်ရှောက်မှု လိုအပ်နေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေ၊ ခုခံအားကျဆင်းမှုရောဂါ(သို့) ကူးစက်မြန် ရောဂါခံစားနေရသူတွေ၊ နိုင်ငံမဲ့တွေ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူတွေ၊ နိုင်ငံခြားသားတွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေ၊ ဒုက္ခသည်တွေ၊ ပြစ်မှု ကျူးလွန်ခံရခြင်းကြောင့် နစ်နာသူတွေ၊ ပြစ်မှုနှင့်သက်ဆိုင်သည့်သက်သေများမှာ ဥပဒေဆိုင်ရာအထောက်အကူ အခမဲ့ရခွင့် ရှိသူတွေ ဖြစ်တယ်လို့ မကွေးတိုင်း ဥပဒေဆိုင်ရာထောက်ကူပေးရေး အဖွဲ့ရုံးမှ ဦးစီးအရာရှိ ဒေါ်သဲစုလှိုင်ထွန်းက ဒီဗွီဘီကိုပြောပါတယ်။ “ဥပဒေဆိုင်ရာအထောက်အကူပေးရေး ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြည်သူတွေ နားလည်သိရှိအောင် ဆွေးနွေးဟောပြောမှုတွေ လုပ်နေပါတယ်။ ပတိုင်းဒေသကြီးအတွင်းက မြို့နယ်​တွေမှာ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့တွေ ဖွဲ့စည်းကာအသိပညာပေးမှု တွေကို ပိုပြီးလုပ်သွားနိုင်မှာပါ ” လို့ ဆိုပါတယ်။ ဥပဒေအရ တရက်ကို ဝင်ငွေကျပ် ၄၈၀၀ နဲ့ အောက်ရရှိသူကို ဆင်းရဲနွမ်းပါးသူအဖြစ် သတ်မှတ်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်နဲ့ လျှောက်ထားရမှာဖြစ်​ပြီး ရာဇ၀တ်မှုနဲ့ စတင်စွပ်စွဲထိန်းသိမ်းချိန်ကစပြီး ချုပ်နှောင်ဖမ်းဆီး၊ တရားစွဲ၊ ပြစ်ဒဏ်ချ၊ အကျဉ်းကျခံရတာ ဖြစ်စဉ်တလျှောက်လုံး အကူအညီရရှိနိုင်ရရှိမယ်လို့ ဆိုပါတယ်။ သက်မှတ်ချက်ကိုက်ညီသူတွေအနေနဲ့ ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ရုံး ဖုန်း- ၀၆၃-၂၀၂၈၈၁၉ ၊ ၀၆၃-၂၀၂၈၈၂၀ သို့ ဆက်သွယ် အကူညီတောင်းခံနိုင်တယ်လို့သိရပါတယ်။ သတင်း-မင်းထီး
3 years Ago
Up