မကွေးတိုင်းဝန်ကြီးချုပ်ဖလား

November 9, 2020

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို မဲအပြတ်အသတ်နိုင် 

နိုဝင်ဘာ ၈ ရက်မှာ ကျင်းပခဲ့တဲ့  အထွေထွေရွေးကောက်ပွဲမှာ လက်ရှိအစိုးရ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဆန္ဒမဲ အပြတ်အသတ်နဲ့ ပြိုင်ဘက်ကိုယ်စားလှယ်လောင်းတွေကို အနိုင်ရရှိခဲ့တယ်လို့ မင်းဘူးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုဟာ မကွေးတိုင်းဒေသကြီးလွှတ်တော်နေရာအတွက် ပွင့်ဖြူမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။  အဲဒီ မဲဆန္ဒနယ်မှာဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဆန္ဒမဲ အရေအတွက် ၄၅,၀၁၉ မဲရရှိခဲ့ပြီးတော့ ကြံ့ခိုင်ရေးပါတီက မဲ ၁၃၀၀၀  ကျော်ရရှိကာ တောင်သူလယ်သမားပါတီက ၃၇၈ မဲရရှိခဲ့တာပါ။ ပွင့်ဖြူ တစ်မြို့နယ်လုံးမှာ ဆန္ဒမဲပေးခွင့်ရှိတဲ့သူ ၁၃၀,၀၀၀ ကျော်ရှိပြီးတော့ မဲလာပေးတဲ့သူ ၇၃,၀၀၀ ကျော်ရှိတဲ့အတွက် မဲပေးမှုရာခိုင်နှုန်း  ၆၈ ဒသမ ၇၁ ရာခိုင်နှုန်းရှိတယ်လို့ မင်းဘူးခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ  ဦးမြင့်ကျော်ကပြောပါတယ်။ မင်းဘူးခရိုင်မှာ မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်အရေတွက် ၅ သိန်းခွဲကျော်ရှိပြီးတော့ ၄၄၀,၀၀၀ ကျော် လာရောက်မဲပေးတဲ့အတွက် ၈၀ ရာခိုင်နှုန်းကျော် လာရောက်မဲပေးတာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲထက် ၃ ရာခိုင်နှုန်းကျော်တိုးလာတယ်လို့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။ သတင်း-မင်းထီး Photo-Dr Aung Moe Nyo
6 months Ago

September 4, 2020

ဂရန်အတုလုပ်ပေးသူများကို ဖော်ထုတ်အရေးယူမည်ဟု မကွေးတိုင်းဝန်ကြီးချုပ် ပြောကြား

မကွေးမြို့မှာ မြေဂရန်အတုတွေ ပြုလုပ်ပေးတဲ့ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူမယ်လို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။ “ဘဏ်တွေမှာလည်း သိန်းရာနဲ့ချီ ထောင်နဲ့ချီပြီး ဂရန်အတုတွေနဲ့ လိမ်ညာခံနေရတာတွေ ရှိတယ်။ ပိပိရိရိနဲ့ လိမ်ညာထားတာတွေ အဲဒါတွေ ဖော်ထုတ်မယ်ဆိုပြီး အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ထားပြီး ဖြစ်တယ်။ ဌာနဆိုင်ရာတွေပါနေတယ်။ ဝန်ကြီးချုပ်က အစပါတဲ့သူတွေကို ထိထိရောက်ရောက် ဥပဒေနဲ့အညီ အရေးယူအပြစ်ပေးပါ။ ဒါမှသာလျှင် မကွေးတိုင်းမှာ ယုံကြည်ကိုးစားပြီး ဘဏ်တွေမှာငွေချေး နိုင်မယ်၊ ရင်းနှီးမြှုပ်နှံနိုင်မယ်၊ တရားဥပဒေစိုးမိုးမှုရှိတာကို သိနိုင်မယ်”လို့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဒီဗွီဘီကို ပြောပါတယ်။ မကွေးမြို့မှာ ပွဲစားတွေကတဆင့် ဂရန်အတုတွေ အများအပြား ပြုလုပ်ပေးနေတာတွေ ကြောင့် ဘဏ်တွေမှာ ဂရန်အတုတွေနဲ့ငွေချေးနေသူတွေရှိပြီး ဘဏ်တွေ ငွေဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် ရာဇဝတ်ကြောင်းနဲ့ အမှုဖွင့်တိုင်ကြားလို့ ဂရန်အတုနဲ့ငွေချေးသူတွေ ထွက်ပြေးတာတွေနဲ့ ဂရန်အတု လက်ဝယ်ရှိသူက သူပိုင်ဆိုင်ပါတယ်ဆိုပြီး အနှစ် ၃၀ လောက်က နေထိုင်သူကိုတရားစွဲဆိုလို့ ထောင်ကျခဲ့တာတွေလည်း ရှိနေပါတယ်။ ဒါတွေကို ဖော်ထုတ်အရေးယူပေးဖို့ အထက်မြန်မာပြည်စောင့်ကြည့်ရေး CSO အဖွဲ့က ဦးဆောင်ပြီး သြဂုတ် ၂၈ ရက်က ထိန်ထိန်သာဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲလုပ်ကာ တိုင်းဝန်ကြီးချုပ်ထံ ဂရန်အတုအထောက်အထား စာရွက်စာတမ်းတွေ အပ်နှံတိုင်ကြားထားပြီး စုံစမ်းရေးအဖွဲ့ဖွဲ့ပြီး ဖော်ထုတ်အရေးယူတော့မှာဖြစ်ပါတယ်။ အထက်မြန်မာပြည်စောင့်ကြည့်ရေး CSO အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်သိန်း က “ မကွေးမှာ ဂရန်အတု ရာချီရှိနေတယ်။ ဂရန်အတုလုပ်ပေးနေတဲ့ သက်ဆိုင်ရာဌာနတာဝန်ရှိသူတွေကို ထိထိရောက်ရောက်အရေးယူပေးပါ”လို့ ပြောပါတယ်။ ဂရန်အတုရရှိခဲ့တဲ့ မသီတာဝင်းကလည်း “ဂရန်တစ်ခုလုပ်ခဲ့တယ်။ သိန်းသုံးဆယ် ပေးခဲ့ရတယ်။ ခုကျတော့ ဂရန်အတုတွေ အတုတွေ ကြားလို့ ကျမတို့ ဂရန်ကိုလည်း သံသယဖြစ်ပြီး နားလည်တဲ့သူတွေ ပြလိုက်တော့မှ ဂရန်အတုကြီး ဆိုတာ သိရတာ။ အခုထပ်လုပ်မှ ဂရန်အစစ်ရတာ၊ ဂရန်အတုဆိုတာကို ဝန်ကြီးချုပ်ဆီ ပေးထားပြီး တိုင်ထားတယ်”လို့ ဆိုပါတယ်။ စည်ပင်သာယာနယ်မြေရှိ မြေကွက်ကို ဂရန်ထုတ်ပေးခဲ့တာနဲ့ ဂရန်ရရှိသူက နှစ် ၃၀ နီးပါး ကျူးကျော်နေတဲ့ ဒေါ်ကြင်စိန်မိသားစုကိုတရားစွဲခဲ့လို့ အသက် ၇၀ အရွယ် ဒေါ်ကြင်စိန် ထောင်ကျခဲ့ပါတယ်။ အခုအခါစည်ပင်က အဆိုပါမြေကွက်ထဲဖြတ်ပြီး ရေမြောင်းဖောက်လုပ်ထားပြီး ဖြစ်ပါတယ်။ တရားစွဲခံရပြီးထောင်ကျခဲ့တဲ့ ဒေါ်ကြင်စိန်သမီးဖြစ်သူက “ဂရန်အမှန်ဆို စည်ပင်က မြောင်း ဖောက်လုပ်ခွင့်မရှိဘူး။ အဲဒီနေရာကို သူ့ဂရန်ရှိပါတယ်ဆိုပြီး ကျမတို့ကို တရားစွဲလို့ အမေ ထောင်ကျခဲ့တယ်။ အိမ်အဖျက်ခံလိုက်ရလို့ ခုနေစရာမရှိလို့ လမ်းဘေးမှာ နေနေရတယ်”လို့ ပြောပါတယ်။ ဂရန်အတုကိစ္စ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲ ၃ ဦးဖြစ်တဲ့ အခွန်ဦးစီး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးနဲ့စည်ပင်အင်ဂျင်နီယာတို့ကို စုံစမ်းစစ်ဆေးပြီး တင်ပြဖို့ တိုင်းအစိုးရအဖွဲ့က တာဝန်ပေးထားတယ်လို့ သိရပါတယ်။ သတင်း -ဘဦး
9 months Ago
More News
Up