မကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ

May 6, 2020

ကမ္ဘာ့ဘဏ်ထောက်ပံ့ငွေကျပ် ၂၄ ဘီလီယံကျော်ကို စီမံကိန်းများတွင်သုံးစွဲရန် မကွေးတိုင်းလွှတ်တော် အတည်ပြု

ကမ္ဘာ့ဘဏ်ရဲ့ ထောက်ပံ့ငွေ ကျပ် ၂၄ ဘီလီယံကျော်ကို အုပ်ချုပ်ရေးနဲ့၊ စိုက်ပျိုးရေး စီမံကိန်းတွေမှာ အသုံးပြုဖို့ မေလ ၅ ရက်နေ့က ကျင်းပတဲ့  မကွေးတိုင်းဒေသကြီးလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ အုပ်ချုပ်ရေးအခြေခံအဆောက်အဦ ဆောက်လုပ်ခြင်း၊ အုပ်ချုပ်ရေးမှာ ခေတ်မီနည်းပညာနဲ့ ပစ္စည်းတွေ သုံးစွဲတဲ့လုပ်ငန်းအတွက် ငွေကျပ်သန်း ၅၃၀၀ ကျော် အသုံးပြုကာ ရေပေးမြောင်းတွေ အဆင့်မြှင့်တင်တဲ့လုပ်ငန်း (တူးမြောင်း မြေကြီးလုပ်ငန်း၊ ကွန်ကရစ်လိုင်နင်စီခြင်း၊ ရေပေး အဆောက်အဦများ ပြုပြင်တည်ဆောက်ခြင်း)အတွက် ကျပ်သန်း ၁၃၀၀၀ ကျော် သုံးစွဲမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေး မျိုးသန့်ခြံ တည်ဆောက်ခြင်း၊ နှမ်းဧက  ၅၀၀၀ ကို GAP စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်တာတွေအတွက် ငွေကျပ်သန်း ပေါင်း ၄၂၀၀ ကျော်၊ စီမံ အုပ်ချုပ်ရေး၊ သတင်း အချက်အလက်ဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ စီးပွားရေး လုပ်ငန်းတွေကို (ICT ဖြင့် ပံ့ပိုးရန်)အတွက် ကျပ်သန်း ၁၀၀၀ အသုံးပြုမှာဖြစ်တယ်။ တိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ တိုင်းစိုက်ပျိုးရေးဦးစီးဌာနနဲ့ e-Government အကြံပေးပညာရှင်တို့ရဲ့ အဆိုပြုချက်အရတိုင်းအတွင်း ဆောင်ရွက်ဖို့လိုအပ်တဲ့ စီမံကိန်းတွေကို ကမ္ဘာ့ဘဏ်ထောက်ပံ့ငွေ ၂၄ ဘီလီယံနဲ့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မကွေးတိုင်း၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံကနေ သိရပါတယ်။ သတင်း-မင်းထီး
1 year Ago

February 19, 2020

မကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ နယ်ခရီးထွက်ရင်း တိုက်နယ်ဆေးရုံတခုတွင် ဆေးကုသမှုခံယူ

မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာဟာ  နယ်ခရီးထွက်ရင်း ရုတ်တရက် သွေးတိုးရောဂါကြောင့် ဟံသာဝတီတိုက်နယ်ဆေးရုံမှာ  တက်ရောက်ဆေးကုသမှုခံယူခဲ့ရပါတယ်။ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ ဝန်ကြီးတွေ၊  မကွေးတိုင်း လွှတ်တော်ဥက္ကဋ္ဌဦးတာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ဂန့်ဂေါမြို့နယ်အတွင်းက ဒေသခံတွေနဲ့ တွေ့ဆုံပွဲတခုကို နှမ်းခါးကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။  အဲဒီကနေ တိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့အဖွဲ့က ကလေးမြို့ဘက်ကနေ မုံရွာ၊ အဲဒီကတဆင့် မကွေးကို ပြန်ဖို့ ပြန်လည်ထွက်ခွာသွားခဲ့တာပါ။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာတော့ လွှတ်တော် ဥက္ကဋ္ဌက နေမကောင်းတဲ့အတွက် ကလေး-ဂန့်ဂေါလမ်းအတိုင်း ပြန်လည်ထွက်ခွာခဲ့ကာ ဂန့်ဂေါမြို့နယ်နှင့် ကလေးမြို့နယ်အစပ်ရှိ ဟံသာဝတီကျေးရွာက တိုက်နယ်ဆေးရုံမှာ ခေတ္တဝင်ရောက်ကာ ဆေးကုသမှုခံယူခဲ့ရတာပါ။ ဂန့်ဂေါမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းက"အခုတော့ ကောင်းသွားပါပြီ။ သွေးတိုးတာပေါ့။ ဆေးခန်းခဏပြပြီး ဂန့်ဂေါလာ။ ဂန့်ဂေါမှာ ခဏနားတယ်။ သက်သာတဲ့အတွက် မကွေးကို ပြန်သွားပါပြီ။ လူကြီးဆိုတော့ ခရီးပန်းတာလည်း ပါတာပေါ့။ မနေ့ကလည်း မနက် ၆ နာရီလောက်ကတည်းက ဂန့်ဂေါမြောက်ပိုင်းက ရွာစဉ်တလျှောက်သွားရတယ်။ လူထုတွေ့ဆုံပွဲကလည်း နေ့လည်ထိ လုပ်ရတယ်။ မနက်ပိုင်းကလည်း ရာသီဥတုက အေးတယ်လေ။ အဲဒါလည်း ပါတာပေါ့။"လို့ ပြောပါတယ်။ လွှတ်တော်ဥက္ကဋ္ဌရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေအားလုံးကောင်းတယ်လို့လည်း ဆေးကုသမှုပေးခဲ့ ဟံသာဝတီတိုက်နယ်ဆေးရုံက ဆေးရုံအုပ်ကြီး ဒေါက်တာ ခိုင်ဇော်ဝင်းက ပြောပါတယ်။ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့က ၃ ရက်ကြာခရီးစဉ်အဖြစ် မကွေးတိုင်းအစိုးရအဖွဲ့နဲ့အတူ ဂန့်ဂေါမြို့က ဝန်ထမ်းအိမ်ရာဖွင့်ပွဲ၊ မြို့နယ်အတွင်းက ကျောင်းဖွင့်ပွဲ၊ လူထုတွေ့ဆုံပွဲတွေကို သွားရောက်ခဲ့ကြပါတယ်။ မကွေးတိုင်းဝန်ကြီးချုပ်နဲ့အဖွဲ့ကတော့ ချင်းပြည်နယ် ထန်တလန်မြို့ကို ဆက်လက်ထွက်ခွာသွားခဲ့ပြီး တိုင်းလွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့ကတော့ မကွေးကို ပြန်လာခဲ့ကြ ပါတယ်။
1 year Ago
Up