မကွေးတိုင်းတွင် ကျောက်မီးသွေး သယ်ဆောင်ခွင့်အတွက် သုံးလအတွင်း သိန်း ၈၀၀ ကျော်ရရှိ

January 22, 2020

မကွေးတိုင်းတွင် ကျောက်မီးသွေး သယ်ဆောင်ခွင့်အတွက် သုံးလအတွင်း သိန်း ၈၀၀ ကျော်ရရှိ

မကွေးတိုင်းမှာ ကျောက်မီးသွေးသယ်ဆောင်ခွင့် (မျောစာ) အတွက် ၃ လအတွင်း ကျပ်သိန်း ၈၀၀ ကျော်ရရှိခဲ့တယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်ထံက ပြောပါတယ်။ မကွေးတိုင်းအတွင်းက ကျောက်မီးသွေး တူးဖော်ထုပ်ယူ သယ်ဆောင်ခွင့်ရရှိတဲ့ ကုမ္ပဏီတွေက သယ်ဆောင်ခွင့်(မျောစာ)အတွက် တတန် ၃၀၀၀ ကျပ် ကောက်ခံပြီး ၂၀၁၉၊ ၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဒီဇင်ဘာအထိ ကျောက်မီသွေး တန်ချိန် ၂၉၃၉၂ တန်အတွက် ကျပ်သိန်း ၈၈၁ သိန်းကျော် ရရှိခဲ့တာပါ။ ဝန်ကြီး ဦးမြင့်ဇော်က “မကွေးတိုင်းအတွင်း ကျောက်မီးသွေး တူးဖော်ထုပ်လုပ်မှုအတွက် ဒေသဆိုင်ရာ တိုင်းအစိုးရက သဘောထားမှတ်ချက်ပေးရပါတယ်၊ ကျောက်မီးသွေးထုတ်လုပ်ဖို့ တင်ပြလာတဲ့ ဒေသတွေမှာ သစ်တော ထူထပ်ဖုံးလွှမ်းတာတွေရှိတဲ့အတွက် သတ္ထုနဲ့ ရေနံ စတာတွေ မတူးဖော်သင့်ဘူးဆိုတဲ့ သဘောထားမှတ်ချက်ကိုတော့ သက်ဆိုင်ရာ ဌာနတွေကို စစ်ဆေးခိုင်ပြီးမှ သဘောထားမှတ်ချက်ပေးရတယ်၊ မကွေးတိုင်းအတွင်း ကျောက်မီးသွေးတူးဖော်တဲ့ ကုမ္ပဏီ ၄၁ ခုရှိပြီး သတ်မှတ်စည်းကမ်းနဲ့ မညီတဲ့ ကုမ္ပဏီ နှစ်ခုကိုလည်း ပိတ်သိမ်းထားတယ်” လို့ ပြောပါတယ်။ မင်းဘူး(စကု)မြို့နယ် မြင့်မြတ်ချမ်းအေး သတ္ထုတူးဖော်ရေးကုမ္ပဏီက တာဝန်ရှိသူ ဦးသာထက်က “ကျောက်မီးသွေးတူးဖော်ထုပ်လုပ်တဲ့ ကုမ္ပဏီတွေက ဘိလပ်မြေစက်ရုံတို့ သံရည်ကြို စက်ရုံတွေကို တင်ပို့တဲ့အခါမှာ မျောလျှောက်ရပါတယ်၊ သက်ဆိုင်ရာ မြို့နယ်တွေကိုလည်း ကျောက်မီးသွေးတစ်တန် ၂၅၀၀ ကျပ်ပေးဆောင်ရပြီး တိုင်ဒေသကြီး အစိုးရကို တတန် ၃၀၀၀ ကျပ်ပေးဆောင်ရပါတယ်၊ ပေးဆောင်ရတဲ့ အခွန်နှစ်ခုလုံးအတွက် မြန်မာ့စီးပွားရေးဘဏ်မှာ သွင်းပြီး ချလံပြမှသာ သယ်ယူခွင့် မျောစာ ထုတ်ပေးတာပါ” လို့ ပြောပါတယ်။ မကွေးတိုင်းအတွင်း ၂၀၁၈၊ ၂၀၁၉ ဘဏ္ဍာနှစ်ကလည်း ကျောက်မီးသွေး တန်ချိန် ၈၉၉၈၀ အတွက် သယ်ဆောင်ခွင့် မျောစာမှ ကျပ်သိန်း ၂၇၀၀ ခန့် ရပါတယ်။ ကိုလင်း(ချောက်)
3 years Ago
Up