မကြာခဏ တိုင်တန်းခဲ့သူ

A d v e r t i s e m e n t With Us

December 22, 2019

ဌာနဆိုင်ရာကို မကြာခဏ တိုင်တန်းခဲ့သူ  ၁ ဦးအား ရပ်ရွာဆူပူမှုဖြင့်အမိန့်ချ

အစိုးရဌာနဆိုင်ရာတွေကို မကြာခဏ တိုင်တန်းတယ်ဆိုပြီး ဖမ်းဆီး တရားစွဲခံနေရတဲ့ အမျိုးသားတဦးကို တနှစ် ခံဝန်ကတိနဲ့ နေထိုင်ဖို့ ခင်ဦးမြို့နယ်တရားရုံးက ဒီဇင်ဘာ ၂၀ ရက်မှာ အမိန့်ချလိုက်ပါတယ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့မှာ အိမ်ခြံဝိုင်းမြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး ဘက်လိုက်တဲ့ဌာနဆိုင်ရာအဖွဲ့အစည်းတွေကို မကြာခဏ တိုင်ကြားသူ  ဦးဇော်မြင့်လင်း(ခေါ်) ဦးဇော်လင်းဟာ ရပ်ရွာအတွင်း ဆူပူမှုတွေပြုလုပ်တယ်ဆိုတဲ့ စွဲချက်နဲ့ တရားစွဲဆိုခံခဲ့ရတာပါ။ ဦးဇော်မြင့်လင်းကို ရပ်ကွက်နေပြည်သူ ၅၃ ဦးရဲ့ လက်မှတ်တွေနဲ့ တိုင်ကြားခဲ့တာ  ဖြစ်တယ်လို့လည်း သိရပါတယ်။ ဦးဇော်မြင့်လင်းရဲ့ ရှေ့နေက ဒေါ်တင်မာဝင်းကတော့ "လိုပြသက်သေတွေက ဘယ်လိုပြောလဲဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ မသိဘူး။ အုပ်ချုပ်ရေးမှူးကနေ လက်မှတ်ရေးထိုးခိုင်းလို့သာ သူတို့ထိုးပေးရတာ။ အဲဒါကြောင့်မို့ ဒါက ရပ်ကွက်မှာ အချင်းချင်းစကားများတာပါဆိုပြီးတော့ လိုပြကလည်း ထွက်သွားပါတယ်။  အဲ့ဒီလို ထွက်သွားတဲ့အချိန်မှာ ထွန်းဝင်းအောင်ကလည်း သူကတော့ လိမ်လည်ပြီးတော့ စွဲထားတဲ့ ပုံစံမျိုးသက်ရောက်သွားတာပေါ့နော်။ ပိုဆိုးသွားတာပေါ့။ ရပ်ကွက်ရုံးမှာ အစည်းအဝေး လုပ်ပြီးတော့ လုပ်ထားတဲ့ဟာတွေကလည်း မိတ္တူတွေပဲ တရားရုံးမှာ သူတင်ထားတာ"လို့ ပြောပါတယ်။ ဦးဇော်မြင့်လင်းရဲ့သမီး မလင်းမို့မို့ပိုင်က “ သမီးအဖေက ဌာနဆိုင်ရာအသီးသီးကို တိုင်ကြားခဲ့တယ်ပေါ့။ ဟိုဘက်အိမ်ကနေပြီးတော့ ရဲနဲ့ပေါင်းပြီးတော့ ပေါ့နော်။  ရန်ဖြစ်ပါတယ်၊ သူတို့ကရွဲ့ပါတယ်၊ စောင်းပါတယ်ဆိုပြီး ခဏခဏ ဒီတရားရုံးမှာတိုင်တယ်ရှင့်၊ ၂၉၄၊ ၅၀၆ ဆိုပြီး ပုဒ်မတွေ အများကြီးတိုင်တယ်။ တိုင်တဲ့အခါကျတော့ သမီးတို့အနေနဲ့ ဒါ တရားရုံးတင်လာ တာဖြစ်တဲ့အတွက် ဖြေရှင်းရတယ်ရှင့်။ သမီးတို့ တကယ်တမ်းဖြစ်လို့ တိုင်တဲ့အရာဆိုရင် အရာမဝင်ဘူးရှင့်၊၊ အရေးယူတာလည်း မရှိဘူး။ ဒီတိုင်းပဲ တရားရုံးမှာ ဒီတိုင်းတင်ထားတာ ပဲရှိတယ်ရှင့်။ အသိအမှတ်ပြုခြင်းမရှိဘူး။ ရှင်းရှင်းပြောရရင် တဖက်ဟာကိုပဲ အသိအမှတ်ပြုတယ်။ သမီးတို့ တင်ပြတာကို လက်သင့်မခံဘူးရှင့်။ ပြီးတော့ သမီးမောင်လေးကို ပထမတခါ ဖမ်းဆီးတယ်။ ခု ဒုတိယတခါကျတော့ သမီးအဖေကို ပုဒ်မ  ၅၁ (စ)(ဆ)ဆိုပြီးဖမ်းဆီးခဲ့တာ"လို့ ပြောပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ ဦးဇော်မြင့်လင်းကို တလကြာလောက် ဖမ်းဆီးချုပ်နှောင်ကာ နှစ်ကြိမ်တိုင် ရုံးထုတ်စစ် ပြီးတဲ့နောက် ခံဝန်နဲ့ တနှစ်ကောင်းမွန်စွာနေထိုင်ဖို့ ခင်ဦးမြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ထိန်ထိန်လင်း
1 year Ago
Up