မက်ဆီကိုနိုင်ငံ

June 24, 2020

မက္ကဆီကိုနိုင်ငံတွင် ၇.၄ အဆင့်ရှိ အားပြင်း ငလျင်လှုပ်၊ လူသေဆုံးဒဏ်ရာရမှုများရှိ

မက္ကဆီကိုနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းမှာ ဇွန်လ ၂၃ ရက်က အင်အားရစ်ချက်စတာ စကေး ၇ ဒသမ ၄ ရှိတဲ့ အားပြင်း ငလျင်တခု လှုပ်ခတ်ခဲ့တာကြောင့် မက္ကဆီကိုစီးတီးမြို့က သူနာပြုတွေ၊ ဆရာဝန်တွေနဲ့ လူနာတွေကို ဆေးရုံတွေကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။ ငလျင်ဗဟိုချက်ရှိရာ အောက်ကာဆာပြည်နယ်မှာတော့ အဆောက်အအုံတချို့ ပြိုကျခဲ့ပြီး လူ ၁ ယောက်ထက် မနည်း သေဆုံး၊ ၂ ဦး ဒဏ်ရာရပါတယ်။ လမ်းခင်းထားတာတွေ ကြေမွကုန်ပြီး လူတွေလည်း အိမ်ထဲကနေ လမ်းတွေပေါ် ပြေးထွက်ခဲ့ကြပါတယ်။ မြို့တော်က ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကတော့ ပြိုကျတဲ့ အဆောက်အအုံတွေ မရှိဘူးလို့ ပြောပါတယ်။  ငလျင်ကြောင့် ရေနံချက် စက်ရုံတရုံ မီးလောင်ခဲ့တယ်လို့ အစိုးရပိုင် ရေနံလုပ်ငန်း ပီးမက်စေက တွစ်တာလူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။  မွန်းလွဲပိုင်းမှာတင် ငလျင်အပြီး မြေပြင်တုန်ခါမှု အကြိမ်ရေ ၁၄၇ ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့တယ်လို့ သမ္မတ လိုပဲ့ဇ် အိုဘရဒေါက ပြောပါတယ်။ အင်အား ရစ်ချက်စတာ စကေး ၇ ကျော်ရင် အကြီးစား ငလျင်တွေ ဖြစ်ပြီး အကြီးအကျယ် ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးစေနိုင်ပါတယ်။  ၂၀၁၇ မှာ မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းကို ဗဟိုပြုပြီး အင်အား ရစ်ချက်စတာ စကေး ၇ ဒသမ ၁ ရှိတဲ့ ငလျင်လှုပ်ခဲ့လို့ မြို့တော်နဲ့ ပတ်ဝန်းကျင် ပြည်နယ်တွေမှာ လူ ၃၅၅ ယောက် သေဆုံးခဲ့ပါတယ်။
11 months Ago
Up