မက်ဂရီဂေါ

March 29, 2020

ခါဘစ်ကို မက်ဂရီဂေါ အနိုင်ပြန်ယူလိမ့်မည်ဟု လိုဘော့ဗ် သုံးသပ်

မက်ဂရီဂေါဟာ ခါဘစ်နဲ့ မကျေပွဲ ထိုးသတ်ခွင့်ရဖို့ ထိုက်တန်မှုရှိပြီး အနိုင်ပြန်ယူနိုင်မယ်လို့ အသင်းဖော်ဟောင်း အာတမ်လိုဘော့ဗ်က ပြောပါတယ်။  လိုဘော့ဗ်နဲ့ မက်ဂရီဂေါတို့ဟာ လေ့ကျင့်ဖော်တွေဖြစ်ခဲ့ပြီး မက်ဂရီဂေါအနေနဲ့ ပြိုင်ဘက် ခါဘစ်ကို အနိုင်ယူနိုင်တယ်လို့  လိုဘော့ဗ်က ယုံကြည်နေပါတယ်။  အိုင်ယာလန်သား မက်ဂရီဂေါဟာ ပြီးခဲ့တဲ့ဇန်နဝါရီလက စိန်ခေါ်သူ ဒိုနယ်ဆာရိုနီကို  ၄၀ စက္ကန့် နဲ့ အနိုင်ယူထားတာ ဖြစ်ပါတယ်။  လိုက်ဝိတ်ချန်ပီယံခါဘစ်ကတော့ ချန်ပီယံကာကွယ်ပွဲအဖြစ် ဖာဂူဆန်နဲ့ ထိုးသတ်ရဖို့ရှိပါတယ်။ မက်ဂရီဂေါဟာလည်း ဂတ်ဂျီနဲ့ လာမယ့်နွေရာသီမှာ တပွဲ ထိုးသတ်ဖို့ရှိပါတယ်။  ဒါပေမဲ့ အသင်းဖော်ဟောင်း လိုဘော့ဗ်ကတော့ မက်ဂရီဂေါအနေနဲ့ ခါဘစ်နဲ့ ဖာဂူဆန်ပွဲက အနိုင်ရတဲ့သူနဲ့သာ ထိုးသတ်သင့်တယ်လို့ ဆိုပါတယ်။ ခါဘစ်ဟာ ၂၀၁၈ ခုနှစ်က မက်ဂရီဂေါကို စတုတ္ထအချီမှာ အလဲထိုးပြီး သူ့ဆီက လိုက်ဝိတ်ချန်ပီယံရွှေခါးပတ်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
1 year Ago

February 25, 2020

ပိုက်ဆံရပါက မက်ဂရီဂေါနှင့် ထပ်ထိုးမည်ဟု မေဝဲလ်သာပြော

လုံလောက်တဲ့ငွေ ရမယ်ဆိုရင် မက်ဂရီဂေါနဲ့ ထပ်ထိုးဖို့ဆန္ဒရှိတယ်လို့ ဖလိုက်မေဝဲလ်သာက ပြောပါတယ်။  အမေရိကန် ဘောက်ဆင်သမား မေဝဲလ်သာဟာ ၂၀၁၇ ခုနှစ်မှာ မက်ဂရီဂေါနဲ့ ထိုးခဲ့ပြီး ဒီပွဲကနေ ‌ပေါင် သန်း ၂၀၀ လောက် ရရှိပါတယ်။  ဒီကိစ္စနဲ့ပတ်သက်လို့ မေဝဲလ်သာကို မေးမြန်းရာမှာ “ဒီမှာ ဟေ့လူ၊ သူတို့ ပိုက်ဆံပေးမယ် ဆိုရင် ငါ ထပ်ထိုးဦးမှာပေါ့။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ငါက ပိုက်ဆံရမှ အလုပ်လုပ်တယ်။ သူတို့ပေးတဲ့ပိုက်ဆံကို ငါ ယူတယ်၊ အဲဒါနဲ့တန်တဲ့ ဇာတ်လမ်းတပုဒ်ကို ငါ ဖန်တီးပေးတယ်” လို့ ပြန်ဖြေပါတယ်။  အသက် ၄၃ နှစ်အရွယ် မေဝဲလ်သာဟာ ကစားသမားဘဝ ပွဲ ၅၀ ထိုးသတ်ခဲ့ပြီး ပွဲ ၅၀ လုံး အနိုင်ရရှိခဲ့ကာ မက်ဂရီဂေါနဲ့ ပွဲအပြီးမှာ ကြိုးဝိုင်းတွေကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာပါတယ်။ မေဝဲလ်သာဟာ ၂၀၁၈ ခုနှစ် နှစ်သစ်ကူးကာလမှာ ဂျပန် ကစ်ဘောက်ဆာသမား တန်ရှင်နာ ဆူကာဝါနဲ့ ထိုးသတ်ခဲ့ပေမယ့် ဒါဟာ သရုပ်ပြပွဲတခုသာ ဖြစ်ပါတယ်။ ဒါပေမဲ့ မေဝဲလ်သာ‌က ၂၀၂၀ ပြည့်နှစ်မှာ UFC အကြီးအကဲ ဒါနာဝှိုက်နဲ့ အခမ်းအနားတခု စီစဉ်ထားကြောင်း ပြောကာ ကြိုးဝိုင်းထဲ ပြန်လည်ဝင်ရောက်တော့မယ်လို့ ထပ်မံကြေညာခဲ့ပါတယ်။ မက်ဂရီဂေါဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ခါဘစ်ကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ် ဇန်နဝါရီလမှာ အမေရိကန် ကစားသမား ဒေါ်နယ်ကာရုန်းနဲ့ ထိုးသတ်ခဲ့ပြီး ပထမအချီမှာတင် အလဲထိုးနိုင်ခဲ့ပါတယ်။  ဒါပေမဲ့ မက်ဂရီဂေါဟာ မေဝဲလ်သာထက်စာရင် ခါဘစ်ကို ရှုံးကြွေးဆပ်ဖို့ ပိုမိုစိတ်အားထက်သန်နေတယ်လို့ UFC အကြီးအကဲ ဝှိုက်က ပြောပါတယ်။ မေဝဲလ်သာဟာ မက်ဂရီဂေါနဲ့ ထိုးသတ်ခဲ့ပြီး‌နောက်ပိုင်းကတည်းက ပရော်ဖက်ရှင်နယ် လက်ဝှေ့ကြိုးဝိုင်းတွေဆီကနေ အနားယူနေပြီး မက်ဂရီဂေါကို အနိုင်ယူဖို့အတွက်လည်း သူ့အနေနဲ့ ထွေထွေထူးထူး ပြင်ဆင်ခဲ့ရတာ မရှိဘူးလို့ ပြောပါတယ်။
1 year Ago
More News
Up