မက်ခီတာရန်

February 25, 2020

စမောလင်းနှင့် မက်ခီတာရန်တို့ကို အပြီးသတ် ခေါ်ယူလိုဟု ရိုးမားနည်းပြ ဝန်ခံ

အငှားနဲ့ ခေါ်ယူထားတဲ့ ခရစ္စစမောလင်းနဲ့ ဟင်းနရစ် မက်ခီတာရန်တို့ကို အပြီးသတ် ခေါ်ယူလိုတယ်လို့ ရိုးမားအသင်းနည်းပြ ပေါ်လိုဖွန်ဆီကာ‌က အတည်ပြုပြောပါတယ်။  စမောလင်းနဲ့ မက်ခီတာရန်တို့ဟာ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ် စတဲ့ ပရီးမီးယားလိဂ်အသင်းတွေကနေ ရိုးမားအသင်းကို တရာသီ အငှားနဲ့ လာရောက် ကစားနေကြသူတွေ ဖြစ်ပါတယ်။  စမောလင်းဟာ ရိုးမားအသင်းမှာ ပုံမှန်ခြေစွမ်းကို ပြန်လည်ရရှိနေပြီး အီတလီမြို့တော်မှာ ပုံမှန်ကစားကာ အင်္ဂလန်လက်ရွေးစင်ကစားသမားဘဝကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းနေသူ ဖြစ်ပါတယ်။ အင်္ဂလန်ကစားသမားဟာ အခုရာသီအတွင်း ရိုးမားအသင်းအတွက် ပြိုင်ပွဲစုံ ၂၆ ပွဲ ကစားပြီး ၂ ဂိုး သွင်းကာ ၁ ဂိုး ဖန်တီးပေးထားနိုင်ခဲ့သူ ဖြစ်ပါတယ်။  “ခရစ္စက အရမ်းကောင်းပြီးတော့ ပရော်ဖက်ရှင်နယ်ဆန်သူတဦးပါ” လို့ ဆွန်ဆီကာက ပြောပါတယ်။  “သူဟာ အီတလီ ဘောလုံးလောကမှာ လျင်လျင်မြန်မြန် အသားကျလာခဲ့ပါတယ်။ သူဟာ ပရော်ဖက်ရှင်နယ် ကစားသမား ပီသတဲ့အတွက် အသင်းက လူတိုင်းကလည်း သူ့ကို ချစ်ကြပါတယ်။ ကျနော် ခရစ္စကို ဆက်ရှိစေချင်ပါတယ်။ ဒီအကြောင်းကိုလည်း ပြောနေပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဘက်က အခြေအနေကြောင့်သာ သေချာပေါက် မပြောဆိုနိုင်သေးပေမယ့် သူဟာ ကျနော်တို့အတွက် အရေးပါတဲ့လူ ဖြစ်တာကြောင့် သူ့ကို ဆက်ရှိနေစေချင်ပါတယ်” လို့ ရိုးမားနည်းပြက ပြောပါတယ်။  စမောလင်းဟာ ရိုးမားအသင်းမှာ ယူနိုက်တက်အသင်းဖော်ဟောင်း မက်ခီတာရန်နဲ့ ပြန်လည်လက်တွဲခွင့် ရရှိနေတာ ဖြစ်ပြီးတော့ မက်ခီတာရန်ကိုလည်း အသင်းမှာ ဆက်ရှိနေစေချင်လို့ ဖွန်ဆီကာက ပြောပါတယ်။  အာဆင်နယ်အသင်းကနေ ရိုးမားကို အငှားနဲ့ ရောက်ရှိနေတဲ့ မက်ခီတာရန်ဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာတချို့ကြောင့် ရုန်းကန်နေရပေမယ့် သူဟာ ဖွန်ဆီကာရဲ့ စိတ်ကြိုက် ကားသမားတဦး ဖြစ်နေပါတယ်။ သူဟာ ဒီရာသီအတွင်း ရိုးမားအသင်းအတွက် အထူးခြေစွမ်းပြ ကစားနိုင်ခဲ့ပြီးတော့ ၅ ဂိုး သွင်းကာ ၂ ဂိုး ဖန်တီးပေးနိုင်ခဲ့တာပါ။ “မီခီဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရပေမယ့် အခုဆိုရင်တော့ ဒဏ်ရာတွေကနေ ပြန်လည်ရုန်းထွက်လာနိုင်ပြီး သူ့အရည်အသွေးကို ပြသနေပြီပဲ ဖြစ်ပါတယ်။ သူဟာ ကွင်းထဲမှာဆိုရင် ဆုံးဖြတ်ချက် ပြတ်သားတဲ့ ကစားသမားတယောက် ဖြစ်ပြီးတော့ ကျနော်တို့အသင်းမှာ သူ့ကို ဆက်ရှိနေစေချင်ပါတယ်” လို့လည်း ဖွန်ဆီကာက ပြောပါတယ်။ တနင်္ဂနွေနေ့ အနိုင်ရလဒ်ကြောင့် ရိုးမားအသင်းဟာ စီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ဆက်ရှိနေပြီး စတုတ္ထနေရာက အတ္တလန္တာအသင်းကို ၃ မှတ်အကွာနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် တနေရာအတွက် ဖိအားပေး ကစားနေပါတယ်။
1 year Ago
Up