မက်ဆေ့ခ်ျကြောင့်

August 5, 2017

မက်ဆေ့ခ်ျကြောင့် ဆယ်ကျော်သက်လူငယ်သေကြောင်းကြံမှု ရည်းစားမိန်းကလေး ထောင်ကျ

အမေရိကန်နိုင်ငံ မန်ဆာချူးဆက်ပြည်နယ်မှာ သမီးရည်စားချင်း တယ်လီဖုန်းကပို့တဲ့ မက်ဆေ့ခ်ျကြောင့် ဆယ်ကျော်လူငယ် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားလို့ ရည်းစား မိန်းကလေးငယ်ကို ထောင်ဒဏ် ၂ နှစ် ခွဲ ချမှတ်လိုက်ပါတယ်။ ဘရစ်စတိုးလ် မြို့နယ် ကလေးသူငယ်ဆိုင်ရာတရားရုံး တရားသူကြီးက အမိန့်ချမှတ်ရာမှာ “မစ္စ ကာတာရဲ့ အသက်အရွယ်၊ ရင့်ကျက်မှုအခြေအနေနဲ့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာအားနည်းချက်တွေဟာ သူ့ရဲ့ လုပ်ရပ်ကို အကျိုးသက်ရောက်တယ်လို့ မထင်ပါဘူး။ သူမဟာ ထက်မြက်တဲ့ မိန်းကလေးတယောက်ပါ။ ကျောင်းမှာလည်း တော်ပါတယ်။ သူမ လုပ်ခဲ့တဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီးတော့လည်း သိနားလည်တယ်လို့ ယူဆပါတယ်။” လို့ ပြောကြားပါတယ်။ ကွန်ရတ်ရိုင်းဆိုတဲ့ လူငယ်တယောက်ကို မရည်ရွယ်တဲ့လူသတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ ပြစ်မှုနဲ့ တရားစွဲခံထားရတဲ့ မစ္စကာတာမှာ အပြစ်ရှိတဲ့အတွက် ဘရစ်စတိုးနယ် အကျဉ်းထောင်မှာ ထောင်ဒဏ် ၂ နှစ် ခွဲ ကျခံဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ ပြစ်ဒဏ်ထဲက ၁၅ လကို လက်ငင်းထောင်ခံကျခံရမှာဖြစ်ပြီး၊ ကျန်ထောင်ဒဏ်တွေကို ၂၀၂၂ ခုနှစ် သြဂုတ်လ ၁ ရက်မှာ ကျခံဖို့ ဆိုင်းငံ့လိုက်ပါတယ်။ တရားသူကြီး အမိန့်မချခင် အစိုးရရှေ့နေ မယ်ရီကလယ်ရာဖလင်းက လျောက်လဲချက်ပေးရာမှာ “တရာသူကြီးမင်းအနေနဲ့ ဖုန်းမက်ဆေ့ခ်ျတွေလည်းဖတ်ပြီး သိရှိပြီးသားဖြစ်ပါတယ်။ တရားခံဟာ ကွန်ရက်ရိုင်း သေဆုံးမှုဖြစ်စေတဲ့ ရည်ရွယ်ချက်ရှိရှိ၊ အကွက်ကျကျ စဉ်းစားထားတဲ့ လှုံ့ဆော်မှုတွေ ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ သိပြီးသားဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် တရားခံဟာ သူ့ရဲ့ တကိုယ်ရေ လိုလားချက်၊ အာရုံစိုက်ခံလိုမှုတွေနဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။ “အခုချိန်ထိ တရားခံဟာ ကွန်ရက်သေဆုံးတာနဲ့ ပတ်သက်ပြီး တာဝန်ယူလက်ခံတာ မရှိပါဘူး။ သေဆုံးသွားသူရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေ၊ မိသားစုအခြေအနေ၊ သူမရဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ သူမသောက်နေရတဲ့ ဆေးဝါးတွေအပေါ်မှာပဲ အပြစ်တင်နေတာတွေ့ရပါတယ်။ နောက်တရတဲ့ အမူအရာမျိုးမတွေ့ရပါဘူး” လို့ လျောက်ထားခဲ့ပါတယ်။ တရားခံရဲ့ ရှေ့နေ ဂျိုးဇက်ကာတယ်လ်ဒိုကတော့ “မစ္စကာတာဟာ အဲဒီအချိန်တုန်းက အသက် ၁၇ နှစ်ပဲရှိပါသေးတယ်။ အမေရိကန်တရားရုံးချုပ်ဥပဒေအရရော၊ SJC ဥပဒေအရပါ ကြည့်မယ်ဆိုရင် လူပျိုဖော်ဝင်စလူတစ်ယောက်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို တရားရုံးအနေနဲ့ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ သူတို့အရွယ်တွေကို  အရွယ်ရောက်ပြီးသား လူတယောက်လို အပြစ်တင်ဖို့ မထိုက်ပါဘူး။ ကျနော်တင်ပြချင်တာက မစ္စကာတာဟာ လူအများကို အန္တရာယ်ပြုတာမျိုးလည်း မတွေ့ရပါဘူး။ အခုလို ဝမ်းနည်းစရာကောင်းတဲ့၊ ကြေကွဲဖွယ်ရာ လူသတ်မှုဟာ သူမကျူးလွန်တာ မဟုတ်သလို၊ သူတို့နှစ်ယောက်တည်းနဲ့သာ ဆိုင်တဲ့ သီးခြားအခြေအနေ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ စိတ်ကျန်းမာရေးကိစ္စတွေအတွက် လုံးပန်းနေကြရတာပါ”  လို့ လျောက်ထားခဲ့တာပါ။ အခုအခါ အသက် ၂၀ အရွယ်ရှိနေပြီဖြစ်တဲ့  အမျိုးသမီးငယ်ဟာ ၂၀၁၄ ခုနှစ်မှာ  သူ့ရဲ့ ရည်စားကောင်လေးဆီကို စိတ်ဆိုးဒေါသထွက်စေတဲ့ မက်ဆေ့ခ်ျများစွာ ပေးပို့ခဲ့တာဖြစ်ပါတယ်။  သူ့ရဲ့ ရည်စား အသက် ၁၈ နှစ်အရွယ် ကွန်ရတ်ရိုင်းဟာ အခုနှစ်ဇွန်လက  ဘောစတွန်မြို့ရဲ့ တောင်ဘက် မိုင် ၆၀ အကွာလောက်မှာရှိတဲ့ ဖဲဟဲဗန်း (Fairhaven) မှာ ကိုယ်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားတာဖြစ်ပါတယ်။ အခုပြစ်ဒဏ်ဟာ စကားလုံးနဲ့ ပြောဆိုရုံနဲ့ လူသတ်မှုမြောက်ခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး ပြစ်မှုလည်းဖြစ်ပါတယ်။ နောက်ပြီး ဆိုက်ဘာအနိုင်ကျင့်မှုရဲ့ အန္တရာယ်ကိုလည်း မီးမောင်းထိုးပြနေတာဖြစ်ပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ တရားသူကြီးနဲ့ အစိုးရရှေ့နေတွေဟာ အလွန်အကျွံ့ တုံ့ပြန်တာဖြစ်တယ်လို့ ယူဆနေကြပါတယ်။
4 years Ago
Up