မက်ဆီ ဟက်ထရစ်ဂိုးဖြင့် အီကွေဒေါကိုနိုင်ပြီး အာဂျင်တီးနား ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်

October 11, 2017

မက်ဆီ ဟက်ထရစ်ဂိုးဖြင့် အီကွေဒေါကိုနိုင်ပြီး အာဂျင်တီးနား ကမ္ဘာ့ဖလားခြေစစ်ပွဲအောင် (ရုပ်သံဟိုက်လိုက်)

ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန်က အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အီကွေဒေါနဲ့ အာဂျင်တီးနားတို့ ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ရာ အာဂျင်တီးနားက တိုက်စစ်မှူး မက်ဆီ ဟက်ထရစ်ဂိုးသွင်းယူပြီး ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ဖို့ အစောပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့် အရေးပါတဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ နိုင်ပွဲရယူနိုင်တဲ့အတွက် ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။ ဒီပွဲရဲ့ အဖွင့်ဂိုးကိုတော့ အီကွေဒေါက ရခဲ့တာဖြစ်ပြီး ပွဲအစ တမိနစ်မှာပဲ အီကာဒါက သွင်းယူပေးခဲ့ပါတယ်။ အာဂျင်တီးနားအတွက်တော့ တိုက်စစ်မှူး မက်ဆီက ပွဲချိန် ၁၂ မိနစ်၊ မိနစ် ၂၀ နဲ့ မိနစ် ၆၀ တွေမှာ ဟက်ထရစ်သွင်းယူပေးခဲ့တာပါ။ အာဂျင်တီးနားဟာ ဒီပွဲအနိုင်ရတဲ့အတွက် အုပ်စုတွင်း ဘရာဇီး၊ ဥရုဂွေးတို့ရဲ့နောက် တတိယနေရာကနေ ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။ အီကွေဒေါအသင်းကတော့ အုပ်စုတွင်း အဆင့် ၈ နေရာပဲရလို့ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ခဲ့ပါဘူး။ အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံအဖြစ် ၁၉၇၈ ခုနှစ်နဲ့ ၁၉၈၆ ခုနှစ်တွေမှာ ၂ ကြိမ် ရရှိထားပါတယ်။
4 years Ago
Up