ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ ဘီလ်ဘာအိုလ်ကို ၁ ဂိုး ဂိုးမရှိ အနိုင်ရတဲ့ပွဲမှာ ဘယ်ဘက်တံကောက်ကျော ဒဏ်ရာရရှိခဲ့လို့ အာဂျင်တီးနားလက်ရွေးစင် အသင်းကနေ နုတ်ထွက်လိုက်ရပါတယ်။
မက်ဆီဟာ ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ ချန်ပီယံဖလားနဲ့ လွဲချော်ခဲ့ပြီးနောက် လက်ရွေးစင်အသင်းကအနား ယူခဲ့ပေမယ့် အသင်းကပြန်လည်ကစားဖို့ တောင်းဆိုခဲ့လို့ လက်ရွေးစင်အသင်းမှာ ပြန်လည်ကစားဖို့ဆုံးဖြတ်ခဲ့တာပါ။
အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် စက်တင်ဘာ ၁ ရက်မှာ ဥရုဂွေးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး မက်ဆီဒဏ်ရာကြောင့် ပါဝင်ကစားနိုင်မှာမဟုတ်လို့ အခက်တွေ့ဖွယ်ရှိပါတယ်။
အာဂျင်တီးနားအသင်းမှာ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးက ခြေသလုံးဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်းမရှိသလို ဂျူဗင်တပ်တိုက်စစ်မှူး ဟီဂူအင်လည်းရွေးချယ်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။
အာဂျင်တီးနား အသင်းကို နည်းပြသစ် အက်ဂါဒိုဘာယူဇာက ကိုင်တွယ်နေပြီး တောင်အမေရိက ဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အဆင့် ၃ နေရာမှာရပ်တည်နေတာပါ။
အာဂျင်တီးနားအသင်းဟာ ဥရုဂွေးနဲ့ ကစားအပြီးမှာ ဗင်နီဇွဲလားအသင်းနဲ့ လာမယ့်စက်တင်ဘာ ၆ ရက်နေ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
5 years Ago