မက်ဆီဒိုးနီးယား

January 14, 2019

ဂရိ ကာကွယ်ရေးဝန်ကြီး ရာထူးကနုတ်ထွက်

ဂရိ ကာကွယ်ရေးဝန်ကြီး ပါနော့စ် ကမ်မယ်နော့စ်ဟာ မက်ဆီဒိုးနီးယားနိုင်ငံနဲ့ ကာလကြာရှည် နာမည်အငြင်းအခုန်ဖြစ်မှု အဆုံးသတ်ရေး သဘောတူညီချက်ကို ဆန့်ကျင်ပြီး ဇန်နဝါရီ ၁၃ ရက်မှာ ရာထူးက နုတ်ထွက်သွားပါတယ်။ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲတွေ မကျင်းပမီ လပိုင်းအလိုမှာ ညွန့်ပေါင်းအစိုးရ အဖွဲ့ထဲက အခုလို နုတ်ထွက်သွားတာပါ။ လက်ယာယိမ်း လွတ်လပ်သော ဂရိလူမျိုးများပါတီက ဝန်ကြီး ပါနော့စ် ကမ်မယ်နော့စ်ဟာ မနှစ်က ဂရိဝန်ကြီးချုပ် အလက်ဇီ စီပရက်စ်ရဲ့ အစိုးရနဲ့ အိမ်နီးချင်း မက်ဆီဒိုးနီးယားနိုင်ငံတို့ကြား လက်မှတ်ထိုးခဲ့တဲ့ သဘောတူညီချက်ကို ဆန့်ကျင်ခဲ့တာပါ။ ကမ်မယ်နော့စ်ကတော့ သူ့ပါတီက ဝန်ကြီးတွေကိုပါ အစိုးရအဖွဲ့ထဲက ဆွဲထုတ်မယ်လို့ ပြောပါတယ်။ ဝန်ကြီးချုပ်ကတော့ ကာကွယ်ရေးဝန်ကြီးရဲ့ နုတ်ထွက်လွှာကို လက်ခံပြီး လွှတ်တော်မှာ ယုံကြည်မှုအဆိုကို မဲပေးဖို့ တောင်းဆိုမယ်လို့ မနေ့က ပြောပါတယ်။ ဂရိနိုင်ငံမှာ လွှတ်တော် ရွေးကောက်ပွဲတွေကို အောက်တိုဘာမှာ ကျင်းပမှာပါ။ ဝန်ကြီးချုပ် စီပရက်စ်ရဲ့ ညွန့်ပေါင်းအစိုးရက လွှတ်တော်အတွင်း အမတ်နေရာ ၃၀၀ ထဲက ၁၅၃ နေရာကို ရထားပါတယ်။ အဲဒီထဲက ၁၄၅ နေရာကို သူ့ရဲ့ လက်ဝဲယိမ်း စီရီဇာပါတီက ရထားတာပါ။ ဂရိနိုင်ငံမှာ မက်ဆီဒိုးနီးယားပြည်နယ် ရှိပြီးသားမို့ အိမ်နီးချင်း ဘော်လ်ကန်နိုင်ငံငယ်လေး မြောက်မက်ဆီဒိုးနီးယား သမ္မတနိုင်ငံဆိုတဲ့ နာမည်ကို ကမ်မယ်နော့စ်က လက်မခံနိုင် ဖြစ်နေတာပါ။ နောင်တချိန်မှာ ဂရိအချုပ်အခြာပိုင်နက်အပေါ် စောင်းပါးရိပ်ခြည် ထိပါးလာမှာကို စဉ်းစားမိပြီး ဂရိအစိုးရက နာမည်ပြောင်းပေးဖို့ ကာလကြာရှည် တောင်းဆိုခဲ့ပါတယ်။
3 years Ago

June 18, 2018

မက်ဆီဒိုးနီးယားနိုင်ငံအသစ် နာမည်အပေါ် ဆန္ဒများသူများကို ရဲက မျက်ရည်ယိုဗုံးသုံး ဖြိုခွဲ

ဂရိနဲ့ နိုင်ငံနာမည် အငြင်းပွားနေတဲ့ မက်ဆီဒိုနီးယားနိုင်ငံ မြို့တော် စကော်ပြာမှာ ဇွန်လ ၁၇ ရက်နေ့က နိုင်ငံနာမည်အသစ်ပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆန့်ကျင်ဆန္ဒပြသူတွေကို ရဲက မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲခဲ့ပါတယ်။ ဆန္ဒပြသူတွေက အရင်ဆုံး ရဲတွေကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး လွှတ်တော်အဆောက်အဦ အပြင်ဘက်ကနေ မီးကျည်တွေ၊ ကျောက်တုံးတွေ၊ ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ ဂရိနဲ့ မက်ဆီဒိုးနီးယား နိုင်ငံခြားရေးဝန်ကြီးတွေဟာ “ယူဂိုဆလားဗီးယားနိုင်ငံဟောင်း မက်ဆီဒိုးနီးယား” ဆိုတဲ့ နာမည်အစား “မြောက်မက်ဆီဒိုးနီးယားသမ္မတနိုင်ငံ” လို့ သုံးနှုန်းခေါ်ဝေါ်ဖို့ ဇွန်လ ၁၇ ရက် အစောပိုင်းမှာ လက်မှတ်ထိုးခဲ့ကြပါတယ်။ အဲဒီလို နာမည်ပြောင်းတာနဲ့ ပတ်သက်ပြီး မက်ဆီဒိုးနီးယားဘက်ကရော ဂရိဘက်ကပါ နှစ်ဖက်စလုံး ဆန္ဒပြနေခဲ့ကြတာ ဖြစ်ပါတယ်။ အခုပြောင်းမယ့် နိုင်ငံနာမည်သစ်နဲ့ ပတ်သက်ပြီး မက်ဆီဒိုးနီးယားလွှတ်တော်နဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရမှာ ဖြစ်ပါတယ်။ မက်ဆီဒိုးနီးယားသမ္မတကတော့ အခုသဘောတူညီချက်ကို ဗီတိုအာဏာသုံးပြီး ပယ်ချမယ်လို့လည်း ပြောကြားထားပါတယ်။
3 years Ago
Up