မက်ဂျစ်စကင်း အလှကုန်အတု

April 29, 2018

မက်ဂျစ်စကင်း အလှကုန်အတု ကြော်ငြာအတွက် ထိုင်းမင်းသမီး တောင်းပန်

မက်ဂျစ်စကင်း အလှကုန်အတု ကြော်ငြာကို လိုင်စင်မဲ့ အရည်အသွေးညံ့ အလှကုန်မှန်း မသိတဲ့အတွက် ထောက်ခံချက်ပေးခဲ့တာလို့ မင်းသမီး အာပင်ယာ (စိုင်ပင်) ဆူကူဂျာရွန်ဆက်က သုံးစွဲသူတွေကို တောင်းပန်လိုက်ပါတယ်။ ဒီအလှကုန်တု ရောင်းချတဲ့ ကုမ္ပဏီနဲ့ သူတို့ရဲ့ ဆက်စပ်မှုကို ရှင်းပြဖို့ ရဲတွေဆင့်ခေါ်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ နာမည်ကျော်တွေ စာရင်းမှာ သူမလည်း ပါဝင်နေတာပါ။ မက်ဂျစ်စကင်းကုမ္ပဏီနဲ့ ပါဝင်ပတ်သက်မှုကို ရှင်းပြဖို့ မစ္စအာပင်ယာက ထိုင်းဘုရင့်ရဲဌာနမှာ နိုင်ငံတော်အဆင့် ဒုရဲချုပ် ဝီရာချိုင်စုန်မက်တာနဲ့ ဧပြီလ ၂၈ ရက်နေ့က တွေ့ခဲ့တာပါ။ အလှကုန်ကို မလေ့လာခင် အလှကုန်ပစ္စည်းရဲ့ တရားဝင်မှုကို သေသေချာချာ မစစ်ဆေးခဲ့တာအတွက် အသက် ၂၇ နှစ်အရွယ် မင်းသမီးက ဝယ်ယူသုံးစွဲသူတွေကို တောင်းပန်လိုက်ပါတယ်။ သူမအနေနဲ့ သုံးစွဲသူတွေကို အမြတ်ထုတ်ပြီး လိမ်ညာဖို့ ရည်ရွယ်ချက်မရှိကြောင်း၊ ပစ္စည်းကို မလေ့လာခင် သူမကိုယ်တိုင် သုံးခဲ့ကြောင်း၊ အလှကုန်ပစ္စည်းပိုင်ရှင်က သူမနဲ့ အမဖြစ်သူကို ၂ ပတ်ကြာ သုံးစွဲဖို့ ကုန်ပစ္စည်း နမူနာတွေ ပေးခဲ့ကြောင်း၊ အဲဒီနောက် သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကုန်ပစ္စည်းနဲ့ ပတ်သက်တဲ့ လေ့လာမှုကို ရေးသားခဲ့ကြောင်း ပြောပါတယ်။ ကုန်ပစ္စည်းထဲမှာ အက်ဖ်ဒီအေ မှတ်ပုံတင်နံပါတ်အတု ပါဝင်တာလည်း မသိခဲ့ဘူးလို့ မင်းသမီးက ပြောပါတယ်။ ဧပြီ ၂၇ ရက်နေ့က စစ်ဆေးခံရတဲ့ အခြားနာမည်ကြီး လေးဦးကလည်း အလှကုန်က အတုဆိုတာနဲ့ လိုင်စင်ကို သတိမထားမိကြဘူးလို့ ပြောလိုက်ကာ သူတို့လည်း ဒီအလှကုန်ကို သုံးစွဲခဲ့တာကြောင့် ခံရသူတွေသာဖြစ်တယ်လို့ပြောပြီး နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေ ဆက်လုပ်မယ်လို့ သိရပါတယ်။ နောက်နာမည်ကြီး ၄ ဦးက မကြာခင် သူတို့ရဲ့ အကောင့်ပေးမှာဖြစ်သလို နောက်ထပ် ၃ ဦးကိုတော့ မေလ ၉ ရက်နဲ့ ၁၀ ရက်မှာ စစ်ဆေးဖို့ ဆင့်ခေါ်ထားပါတယ်။ မင်းသမီး မစ္စအာပင်ယာကတော့ သက်သေအနေနဲ့ ထွက်ဆိုခဲ့တာဖြစ်တယ်လို့ ဒုရဲချုပ်က ပြောပေမယ့် အာဏာပိုင်တွေက သက်သေတွေ စုနေတယ်။ အကယ်၍ တယောက်ယောက်က သုံးစွဲသူတွေကို လိမ်လည်ခဲ့တာတွေ့ရင် တရားစွဲမှာပဲလို့ ပြောပါတယ်။ မက်ဇို၊ ထရီးချာဒါ၊ ရှင်နိုရှီ၊ မက်ဂျစ်စကင်း၊ ဖန်း၊ စနိုးမစ်လ်က်၊ စလင်းမစ်လ်က်နဲ့ အက်ပယ်စလင်းစတဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေပါဝင်တဲ့ မက်ဂျစ်စကင်းအလှကုန် ကုမ္ပဏီနဲ့ ဆက်စပ်ပြီး သံသယရှိသူ ၈ ဦးကို ပထမနေ့ ဖမ်းခဲ့ပြီးတဲ့နောက် ဧပြီလ ၂၂ ရက်နေ့ကတော့ ပထန်ထနီက ကလောင်လူရန်ခရိုင်က အလှကုန်စက်ရုံကို အာဏာပိုင်တွေ ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up