မက္ကာ

July 18, 2021

ကိုဗစ်ကာလ ဟာ့ဂျ်ဘုရားဖူးများ မက္ကာကို အကန့်အသတ်ဖြင့် လာခွင့်ပြု

နှစ်စဉ်ကျင်းပနေကျ မွတ်စလင်တို့ရဲ့ ဟာ့ဂျ်ဘုရားဖူးရာသီ အစိတ်အပိုင်းအနေနဲ့ ဘုရားဖူးတွေ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ကို ဇူလိုင် ၁၇ ရက်က ရောက်လာကြပြီး ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် အကန့်အသတ်နဲ့သာ လာခွင့်ပြုထားပါတယ်။

မွတ်စလင်ကမ္ဘာမှာ အရေးအကြီးဆုံး ဗလီရဲ့အလယ်က ခါဘာအဆောက်အအုံ ပတ်လည်မှာ လူချင်းခပ်ခွာခွာနေရင်း  ခါဘာ အဆောက်အအုံကို စက်ဝိုင်းပုံ လှည့်ပတ် ဝတ်ပြုဖို့ ရောက်လာတာလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

 ဆော်ဒီအာရေဗျဟာ ဒီနှစ်မှာလည်း ကိုဗစ်-၁၉ ကပ်ဘေးကို တုံ့ပြန်တဲ့ အနေနဲ့ ဟာ့ဂျ် ဝတ်ပြုပွဲကို သူ့နိုင်ငံသားတွေနဲ့ ဒေသခံတွေကိုသာ တက်ခွင့်ပြုဖို့ ကန့်သတ်ထားပါတယ်။

 ဒီပွဲစဉ်ကို ဘုရားဖူး အယောက် ၆၀၀၀၀ အများဆုံး လာရောက်ဖို့ကိုလည်း ကန့်သတ် ထားပါတယ်။

ကပ်ဘေး မဖြစ်ခင်က အစ္စလာမ်ဘာသာမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့ မက္ကာနဲ့ မဒီနာမြို့တွေက ဘာသာရေး အမြင့်မြတ်ဆုံး နေရာတွေကို သီတင်း တစ်ပတ်ကြာ လာရောက်လည်ပတ်သူတွေနဲ့ တစ်နှစ်ပတ်လုံး အမ်ရာဘုရားဖူးဖို့ လာရောက်သူ ၂ ဒသမ ၅သန်း ရှိခဲ့တာပါ။

 ဒီအတွက် ဆော်ဒီဟာ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံဝင်ငွေရတယ်လို့ အစိုးရ သတင်းအချက်အလက်တွေက ဆိုပါတယ်။

 မွတ်စလင်တွေဟာ သူတို့ဘဝမှာ အနည်းဆုံး တစ်ခါတော့ မက္ကာမြို့ဆီလာပြီး ဟာ့ဂျ် ဘုရားဖူးဖို့ မျှော်လင့်ထားကြတယ်လို့လည်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ 

5 months Ago

October 20, 2020

မက္ကာတွင် ဝတ်ပြုခွင့် ဆော်ဒီအစိုးရက ပထမဆုံးအကြိမ် ပြန်ခွင့်ပြု

ဆော်ဒီအာရေဗျ အစိုးရဟာ သူ့နိုင်ငံသားတွေနဲ့ သူ့နိုင်ငံထဲမှာ နေထိုင်ကြသူတွေကို အစ္စလာမ်ဘာသာရဲ့ အမြင့်မြတ်ဆုံး ဘာသာရေး နေရာတွေထဲက တခုဖြစ်တဲ့ မက္ကာက အယ်လ်ဟာရမ် ဗလီထဲမှာ ဝတ်ပြုဖို့ ၇ လအတွင်း ပထမဆုံးအကြိမ် ခွင့်ပြုလိုက်ပြီလို့ အစိုးရ ရုပ်သံက အောက်တိုဘာ ၁၈ ရက်မှာ ကြေညာပါတယ်။ ဒီလအစောပိုင်းကလည်း ဆော်ဒီအစိုးရဟာ အစ္စလာမစ်ဘာသာရဲ့ အမြင့်မြတ်ဆုံးနေရာ နှစ်ခုဖြစ်တဲ့ မက်ကာနဲ့ မေဒီနာမြို့တွေမှာ အမ်ရာဝတ်ပြုပွဲလုပ်ဖို့ နိုင်ငံသားတွေနဲ့ ဒေသခံတွေကို ခွင့်ပြုပေးခဲ့ပါတယ်။ ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် လူအများ စုစည်းနိုင်တဲ့နေရာတွေကို ၇ လကြာ တားမြတ်ပိတ်ပင်အပြီး ပထမဆုံး ပြန်ဖွင့်ပေးတာလည်း ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အတည်ပြု လူနာ ၃၃၀,၀၀၀ ကျော်ရှိပြီး ကူးက်ခံသေဆုံးသူ ၅,၁၆၅ ယောက် ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
1 year Ago
Up