ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ အရေအတွက်မှာ မက္ကဆီကိုက အိန္ဒိယကို ကျော်တက်ပြီး ကမ္ဘာမှာ တတိယအများဆုံး သေဆုံးတဲ့ နိုင်ငံဖြစ်လာတယ်လို့ ရိုက်တာရဲ့ တရားဝင် ကိန်းဂဏန်း တွေက ဖော်ပြပါတယ်။
ဇန်နဝါရီ ၂၈ ရက်က မက္ကဆီကိုရဲ့ ကိုဗစ်ကြောင့် စုစုပေါင်း သေဆုံးအရေအတွက်ဟာ ၁၅၅,၁၄၅ ဦး ရှိလာပါတယ်။
မက္ကဆီကိုထက် လူဦးရေ ဆယ်ဆကျော် ပိုများတဲ့ အိန္ဒိယရဲ့ ကိုဗစ်ကြောင့် စုစုပေါင်း သေဆုံးအရေအတွက်က ၁၅၃,၈၄၇ ဦး ရှိပါတယ်။
လူဦးရေ အချိုးကျ သေဆုံးနှုန်း တွက်ကြည့်တဲ့အခါမှာ မက္ကဆီကိုရဲ့ သေဆုံးနှုန်းက ဗြိတိန် ၊ ချက်သမ္မတနိုင်ငံ ၊ အီတလီ ၊ အမေရိကန် ၊ ပီရူး နဲ့ စပိန် အပါအဝင် နိုင်ငံ အတော်များများထက် လျော့နည်းတယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက ဖော်ပြပါတယ်။
မက္ကဆီကိုရဲ့ သေဆုံးသူအရေအတွက် တိုးလာမှုက ကပ်ရောဂါကို မနည်းထိန်းချုပ်နေ ရတယ်ဆိုတာကို ပြသနေပါတယ်။
မက္ကဆီကိုအစိုးရက အသွားအလာနဲ့ ရောင်းဝယ်မှုတွေအပေါ် ကန့်သတ်ချက်တွေ ထားရှိပေမယ့် ကပ်ရောဂါဟာ ပိုဆိုးလာနေပါတယ်။
မြို့တော် မက္ကဆီကိုစီးတီးက ဆေးရုံတွေဟာ လူနာခုတင်တွေ ပြည့်လုပြည့်ခင် ဖြစ်နေပြီး အောက်ဆီဂျင်တွေ ပြတ်လပ်တာကလည်း လူနာကုသရေးမှာ အခက်အခဲဖြစ်နေပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၂၄ ရက်ကပဲ သမ္မတ လိုပတ်ဇ်အော်ဘရေဒိုက သူဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ ကြေညာခဲ့ပါတယ်။