မက္ကဆီကိုရဲချုပ်

June 28, 2020

မက္ကဆီကိုရဲချုပ်ကို လုပ်ကြံမှုဖြင့် သံသယရှိသူ ၁၂ ဦးကို ဖမ်းဆီး

မက္ကဆီကိုနိုင်ငံရဲ့မြို့တော် မက္ကဆီကိုစီးတီးက ရဲချုပ်ကို ဇွန် ၂၆ ရက်က လုပ်ကြံဖို့ ကြိုးစား မှုနဲ့ပတ်သက်ပြီး သံသယရှိသူ ၁၂ယောက်ကို ဖမ်းထားပြီးပြီလို့ ရှေ့နေချုပ်ရုံးက ပြောပါတယ်။  သံသယရှိသူ ၁၁ ယောက်က မက္ကဆီကိုနိုင်ငံအတွင်း ပြည်နယ်အသီးသီးက ဖြစ်ကြပြီး တယောက်ကတော့ ကိုလံဘီယာနိုင်ငံသား ဖြစ်တယ်လို့ ရှေ့နေချုပ်ရုံး ပြောခွင့်ရက ပြောပါတယ်။  သောကြာနေ့အစောပိုင်းက လုပ်ကြံဖို့ ကြိုးစားမှုမှာ ရဲချုပ်ကို ကျည်ဆန် ၃ ချက် ထိမှန်ခဲ့ပြီး သူ့သက်တော်စောင့် ၂ ယောက် သေဆုံးခဲ့ပါတယ်။ လမ်းဘေးမှာ ဈေးရောင်းဖို့ ဆွေမျိုးတွေနဲ့အတူ ကားနဲ့ခရီးထွက်ခဲ့တဲ့ အမျိုးသမီး တယောက်လည်း ပစ်ခတ်မှုအတွင်း သေဆုံးပါတယ်။   ပစ်ခတ်မှု ဖြစ်ခဲ့တဲ့နေရာဟာ လူကုံထံတွေနဲ့ သံအမတ်ကြီးတွေရဲ့ အိမ်တွေ အများအပြား တည်ရှိရာ ဒေသထဲမှာပါ။ ဒီဖြစ်ရပ်အတွက် မက္ကဆီကိုရဲ့ သြဇာအကြီးဆုံး မူးယစ်ဂိုဏ်းဖြစ်တဲ့ ဂျာလစ်စကို မျိုးဆက်သစ်ဂိုဏ်း CJNG ကို ရဲချုပ်က အပြစ်တင်ခဲ့ပါတယ်။ CJNG ဂိုဏ်းကို ရဲအရာရှိဟောင်းတယောက်က ဦးဆောင်ပြီး နိုင်ငံအနောက်ပိုင်း ဂျာလစ်စကိုပြည်နယ်မှာ အခြေစိုက်ပါတယ်။ မူးယစ်ကုန်ကူးမှုထိန်းချုပ်ရေးအတွက် ပြိုင်ဘက်တွေကို နှိမ်နင်းဖို့ တိုက်ပွဲတွေအတွင်း အကြမ်းဖက်မှုတွေ စံချိန်တင် မြင့်တက်ခဲ့မှုအတွက် CJNG ဂိုဏ်းကို အပြစ်တင်ထားပါတယ်။
11 months Ago
Up