မက္ကဆီကိုနယ်စပ်

May 14, 2020

မက္ကဆီကိုနယ်စပ်မှ  နှစ်နိုင်ငံသား ခံယူထားသူများ ပြန်ဝင်လာမည်ကို အမေရိကန်စိုးရိမ် 

မက္ကဆီကိုနိုင်ငံမှာ COVID-19  ကပ်ဘေးပိုဆိုးလာရင် အမေရိကန်-မက္ကဆီကို နှစ်နိုင်ငံသား ခံယူထားသူတွေ နိုင်ငံထဲ ပြန်ဝင်လာမှာကို စိုးရိမ်ရတယ်လို့ အမေရိကန်တာဝန်ရှိသူတွေ ပြောပါတယ်။ အမေရိကန် အမိမြေလုံခြုံရေးဌာနတာဝန်ရှိသူတွေက ဒီနှစ်နိုင်ငံသားခံယူထားသူတွေကို ပိတ်ပင်ဖို့ သို့မဟုတ်  နယ်စပ်ရေးရာ ကိစ္စတွေမှာ အပြောင်းအလဲတွေလုပ်ဖို့ မရှိသေးဘူး ဆိုပါတယ်။  လက်ရှိမှာ ကနေဒါနဲ့ မက္ကဆီကို နယ်စပ်ကို  မလိုအပ်ဘဲ ခရီးသွားလာဖြတ်သန်းခွင့် မပေးဖို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပိတ်ပင်ထားပြီးသားပါ။  မက္ကဆီကိုနယ်စပ်နဲ့ ဆယ်မိုင်ပဲဝေးတဲ့ ကာလီဖိုးနီးယားပြည်နယ် ချူလာဗစ်စတာက  ဆေးရုံ တွေမှာ COVID-19 အတည်ပြု လူနာဦးရေရဲ့ သုံးပုံတပုံဟာ ပြီးခဲ့တဲ့အပတ်က နယ်စပ်ကို ဖြတ်ကျော်လာခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ခန့်မှန်းချက်အရ အမေရိကန်နိုင်ငံသား တစ်သန်းခွဲ လောက်ဟာ မက္ကဆီကိုနိုင်ငံထဲမှာ နေထိုင်နေပြီး အတော်များများဟာ အငြိမ်းစားဝန်ထမ်းတွေ ဖြစ်တယ်ဆိုပါတယ်။
11 months Ago

January 19, 2020

ဗဟိုအမေရိကမှ ရွှေ့ပြောင်းနေထိုင်သူများ မက္ကဆီကိုနိုင်ငံကို အဖွဲ့လိုက်ဝင်ရောက်

ဗဟိုအမေရိကမှ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဇန်နဝါရီလ ၁၈ ရက်မှာတော့ ဂွါတီမာလာကနေ မက္ကဆီကိုကို အဖွဲ့ငယ်လေးတွေအလိုက် ဝင်ရောက်လာကြပါတယ်။  ဒါဇင်နဲ့ချီတဲ့ လူတွေဟာ အစောပိုင်းက နယ်စပ်ကိုဖြတ်ပြီး အတင်းဝင်ရောက်ဖို့ ကြိုးစားလာလို့ မက္ကဆီကန် လုံခြုံရေးတပ်ဖွဲ့တွေက ပြန်တွန်းခဲ့တဲ့အခါ ရုန်းရင်းဆန်ခတ် အနည်းငယ် ဖြစ်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ရက်တွေအတွင်း ဟွန်ဒူးရပ်စ်ကနေ ဂွါတီမာလာနိုင်ငံထဲ ဝင်ရောက်လာခဲ့တဲ့ လူပေါင်းရာချီဟာ မက္ကဆီကိုနယ်စပ်ဆီကို  ခရီးသွားယာဉ်ကြီးတွေနဲ့ တဖွဲဖွဲ ရောက်ရှိလာနေပါတယ်။  ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဂွါတီမာလာနိုင်ငံမြောက်ပိုင်း ပေးတန် မြေနိမ့်ဒေသမှာ ရှိတဲ့ အလ်ဆေဘိုနယ်စပ်မြို့ကနေ မက္ကဆီကိုနိုင်ငံရဲ့ တာဘာစ်ကိုပြည်နယ်ထဲက တီနိုစိခ် နယ်စပ်မြို့ထဲကို ဖြတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ နယ်စပ်တောထဲကနေ နိုင်ငံထဲကို ဝင်ရောက်ဖို့ လုပ်ဆောင်ခဲ့ကြတဲ့ တချို့လူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ထိန်းသိမ်းခဲ့ပါတယ်။ ဂွါတီမာလာ အာဏာပိုင်တွေ ပြောတာကတော့ ဇန်နဝါရီ ၁၅ ရက်ကတည်းက နိုင်ငံထဲ ဝင်လာတာ လူပေါင်း ၄ ထောင်လောက်ရှိတယ်လို့ ပြောပါတယ်။ ဒါဟာ အမေရိကန်အစိုးရနဲ့ ဂွါတီမာလာ၊ ဟွန်ဒူးရပ်စ်နဲ့ အလ်ဆာဗေးဒိုး အစိုးရတွေဟာ ရွှေ့ပြောင်းသွားလာသူများအရေးမှာ ဖိအားတွေ တိုးလိုက်ဖို့ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးလိုက်ပြီးနောက်မှာ အများဆုံး စီးဝင်လာမှုလည်း ဖြစ်ပါတယ်။  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ မက္ကဆီကိုနဲ့ ဗဟိုအမေရိကနိုင်ငံတွေအနေနဲ့ လူအုပ်ကြီးတွေကို အမေရိကန်နယ်စပ်ထိ ဝင်ရောက်ခွင့်ပေးလိုက်ရင် စီးပွားရေးအရ ထိခိုက်အောင် လုပ်ရလိမ့်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဟွန်ဒူးရပ်စ်ကနေ နောက်ဆုံး ထွက်ခွာလာတဲ့ အုပ်စုကြီးကို အမေရိကန်နယ်စပ် ကိုယ်စားလှယ်တွေလည်း ခြံရံလိုက်ပါလာတာပါ။ ရွှေ့ပြောင်းနေထိုင်သူ အများစုဟာ ဗဟိုအမေရိကမှ ဆင်းရဲနွမ်းပါးမှု၊ အကြမ်းဖက်မှုနဲ့ တခြားလူမှုပြဿနာတွေကနေ လွတ်မြောက်ဖို့ ကြိုးစားနေကြတာပါ။ ဒီအထဲမှာ လူနည်းစုကတော့ မက္ကဆီကိုမှာ နေထိုင်လိုကြောင်း ပြောကြသလို အများစုကတော့ သူတို့ရဲ့ အခွင့်အလမ်းတွေ ပိုရအောင် အမေရိကန်ပြည်ထောင်စုကို ပိုသွားချင်နေကြတာ ဖြစ်ပါတယ်။ 
1 year Ago
Up