မက္ကဆီကိုနိုင်ငံ မြို့တော် မက္ကဆီကိုစီးတီးမှာ မတ်လ ၁၁ ရက်က ရထားနှစ်စီးခေါင်းချင်းဆိုင် တိုက်လို့ လူတစ်ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
မြို့တော်ရဲ့ အစည်ကားဆုံး ဘူတာရုံတွေထဲက တခုဖြစ်တဲ့ တယ်ကူဘာယာ မြေအောက် ရထားဘူတာမှာ ရထားတိုက်မှုဖြစ်ခဲ့ပြီး ၄၁ ယောက် ဒဏ်ရာရတယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။
လူ ၂၅ ယောက်ကို ဆေးရုံပို့ဆောင်ခဲ့ပေမယ့် ဒဏ်ရာ မပြင်းထန်ဘူးလို့ မက္ကဆီကို မြို့တော်ဝန်က ပြောခဲ့ပါတယ်။
ဒေသစံတော်ချိန် ည ၁၁ နာရီမှာ ရထားတိုက်မှုဖြစ်ခဲ့ကာ တိုက်မိတဲ့အရှိန်ကြောင့် ရထားတစီးပေါ်ကို အခြားတစီး ရောက်သွားခဲ့ပြီး ရထားတိုက်မှုဖြစ်ရတဲ့အကြောင်းကို သဲသဲကွဲကွဲ မသိရသေးပါဘူး။
မက္ကစီကိုစီးတီးက မြေအောက်ရထား ဘူတာရုံတွေဟာ ကမ္ဘာပေါ်မှာ အစည်ကားဆုံး တွေထဲကတခုဖြစ်ပြီး တနှစ်ကို ခရီးသည် ၁ ဒသမ ၆ ဘီလီယံ အသုံးပြုပါတယ်။ ဘူတာပေါင်း ၁၉၅ ခု၊ ရထားလမ်းပါင်း ၁၂ ခုရှိတယ်လို့ ဘီဘီစီသတင်းက ဖော်ပြပါတယ်။
12 months Ago