မကရင်မအမှု တရားလိုရှေ့နေ မရောက်ခင်ရုံးထုတ်

June 28, 2018

မကရင်မအမှု တရားလိုရှေ့နေ မရောက်ခင်ရုံးထုတ်

အိမ်​အကူ မကရင်​မ​သေဆုံးမှုမှာ တရားလို​ရှေ့​နေမပါဘဲ ရုံးထုတ်​ခဲ့တာ သံသယ ရှိတယ်​လို့ မကရင်မဘက်​က အကျိုးဆောင်လိုက်​ပါ​ဆောင်​ရွက်​​ပေး​နေတဲ့ ပြည်​​ထောင်​စု​ရှေ့​နေ အ​ထောက်​အကူပြုအဖွဲ့က တရားလွှတ်​​တော်​​ရှေ့​နေ ​ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။ “ပြီးခဲ့တဲ့ရုံးချိန်းမှာ တရားသူကြီးကို နှစ်​နာရီ​ရောက်​မယ့်အ​ကြောင်း ​သေချာ​ပြောပြခဲ့တယ်​။ တရားသူကြီးကလည်း လက်​ခံခဲ့တယ်​။ ဒါ​ပေမယ့် ဒီ​နေ့ တရားလို​ရှေ့​နေမပါဘဲ တရားခံကို ရုံးထုတ်​သွားတယ်​။ ကျမရဲ့ကဏ္ဍကို ထည့်သွင်းမစဉ်းစားတာ ကျမအ​နေနဲ့ သံသယဖြစ်​ပါတယ်​။ ဒါ​နောက်​ဆုံးအကြိမ်​ဖြစ်​ပါ​စေလို့ ​တောင်းဆိုပါတယ်​”လို့ ​တရားလို​ရှေ့​နေ ဒေါ်စန်းစန်းမြင့်က​ ပြောပါတယ်​။ ဒါ့ပြင်​တရားစွဲဆိုခံထားရတဲ့ ​အိမ်​ရှင်​ဖြစ်​သူ ဥပ​ဒေအရာရှိ ​ဒေါ်သိင်္ဂီစုကို ရဲအင်​အားသုံးပြီး အကာကွယ်​​ပေးထားတာ၊ ​ဒေါ်သိင်္ဂီစုကိုယ်​တိုင်​က မျက်​နှာကို အထပ်​ထပ်​ကာထားတာဟာ အမှုကို စိတ်​ဝင်​တစား စောင့်ကြည့်​နေကျသူ​တွေကို အထင်​မှား​စေတယ်လို့လည်း ဆက်​​ပြော ပါတယ်။ “လူစားလဲထားတာလား၊ ဘာလားပြည်​သူ​တွေက ထင်​နိုင်​တယ်​။ ပြီး​တော့ မလိုအပ်​ပဲ ရဲအင်​အား​တွေ အများကြီးသုံးထားတာ ရဲစခန်းမှာ ရဲ​တောင်​ ကျန်​​သေးရဲ့လားလို့ ​မေးချင်​တယ်။” ပြီးခဲ့တဲ့ ရုံးချိန်မှာ​ရော အခုရုံးချိန်းမှာပါ ​ဒေါ်သိင်္ဂီစုကို ရဲအင်​အားအများအပြားသုံးပြီး လုံခြုံရေးအတွက် အကာအကွယ်​​ပေးထားခဲ့တာပါ။ မကရင်မကို လိုက်ပါကူညီပေးခဲ့တဲ့ ကိုပီတာဖြိုးကတော့ ဒီလို တရားလိုဘက်က မလာခင် ရုံးထုတ်တာဟာ မျက်နှာလိုက်နေသလိုဖြစ်နေတယ်လို့ ပြောပါတယ်။ “ပထမတခေါက်တုန်းကလည်း တွံတေးမှာ ယမန်ယူတယ်။ ယမန်ယူတဲ့အခါမှာ မီဒီယာတွေစောင့်နေတယ်။ ကျနော်တို့ လိုက်ပါကူညီတဲ့ လူတွေကလည်း စောင့်နေတယ်။ ခါတိုင်းလိုဆိုရင် တရားရုံးက ၁၀ နာရီကျော်မှ ရုံးထိုင်တယ်။  ဒါပေမယ့် အဲဒီနေ့ကကျတော့ ၉ နာရီထိုးချက်ချင်းယမန်ယူပြီး ချက်ချင်းပြန်ပို့လိုက်တယ်။ အဲဒီခါကျတော့ မီဒီယာတွေလည်း မမှီလိုက်ဘူး။ ကျနော်တို့လည်း ဘာမှမသိလိုက်ရဘူး။ ဒီနေ့ကျတော့လည်း ကျနော်တို့ အရှေ့မှာစောင့်နေတယ်။ ဒါပေမယ့် ကျနော်တို့ မသိလိုက်တဲ့အချိန်မှာပဲ တရားခံကို တရားခွင်ကို ထုတ်တယ်။ ထုတ်ပြီး သူတို့ရှေ့နေကနေပြီး ပါဝင်တင်တယ်ပေါ့။ တင်ပြီပြန်ခေါ်သွားတယ်ပေါ့။ တကယ်တန်း နစ်နာတာက တရားလိုပေါ့။ ” ​ဒေါ်သိင်္ဂီစုရဲ့ တရားလွှတ်​​တော်​​ရှေ့​နေက​တော့ “ကျ​နော်​ကလည်း ဒါမျိုးမလုပ်​ဖို့ သူ့ကို​ ပြောပြပါတယ်​။ ဒါ​ပေမယ့် သူက ခု​နေမှာ ရုံးထုတ်​အစလည်းဖြစ်​လို့ သားသမီးတွေလည်း ရှိလို့ အမျိုးသမီးလည်း ဖြစ်​တာ​ကြောင့် သူ့မျက်​နှာကို မမြင်​​စေချင်​တာပါ။ အမှုက တဖက်​က အင်​အားကြီးတယ်​ ငယ်တယ်​မရှိပါဘူး။ ဘယ်​သူမှလဲ မပါပါဘူး။”လို့ ပြောပါတယ်။ လက်​ရှိမှာ တပ်​မ​တော်​အရာရှိတဦးရဲ့ ဇနီးဖြစ်​ပြီး ဥပ​ဒေအရာရှိဖြစ်​တဲ့ ​ဒေါ်သိင်္ဂီစုကို အိမ်​အကူ မကရင်​မ​သေဆုံးမှုနဲ့ ပတ်​သတ်ပြီး လူသတ်​မှု ပုဒ်​မ ၃၀၂ နဲ့ တရားစွဲတင်​ထားတာပါ။ ပြီးခဲ့တဲ့ ​မေလထဲမှာ တွံ​တေးမြို့နယ်​၊ အုတ်​ဖို​ကျေးရွာက အသက်​ ၃၅နစ်​အရွယ်​ မကရင်​မ ကို အိမ်​ရှင်​ဖြစ်​သူ ​ဒေါ်သိင်္ဂီစုက သူ့အိမ်​က​နေ ရွာကိုပြန်​လည်​ပို့​ဆောင်​ပြီး နာရီပိုင်းအတွင်းမှာပဲ မကရင်​မ​ သေဆုံးခဲ့တာပါ။ မကရင်​မ မ​သေဆုံးခင်​မှာ ဒေါ်သိင်္ဂီစုက သူ့ကို ညှဉ်းပမ်းနှိပ်​စက်​ခဲ့တယ်​လို့ ​ကျေးရွာလူကြီး​တွေကို​ ပြောဆိုခဲ့တာ​ကြောင့် ကျေးရွာလူကြီး​တွေက တရားလိုပြုလုပ်​ပီး အိမ်​ရှင်​ဖြစ်​သူကို တရားစွဲဆိုခဲ့ကြတာပါ။ သေဆုံးသူ မကရင်​မမှာ သားသမီး​လေးဦးကျန်​ခဲ့ပြီး လက်​ရှိမှာ​တော့ လူမူဝန်​ထမ်း ဦးစီးဌာနက က​လေး​တွေကို ​ခေါ်ယူ​စောင့်​ရှောက်​ထားပါတယ်​။ တရားစွဲဆိုခံထားရတဲ့ ​ဒေါ်သိင်္ဂီစုကို ဇွန်လ ၁၄ ရက်က ပထမဆုံးကြိမ် ရုံးထုတ်​တဲ့​ နေရာမှာ ရဲအင်​အားအများပြားသုံးပြီး မျက်​နှာကို အထပ်​ထပ်​ကာကွယ်​ထားသလို ရုံးချိန်း စဖွင့်ချိန်မှာပဲ ရုံးထုတ်စစ်ဆေးခဲ့တာပါ။ ဒီအမှုကို​ မကရင်​မဘက်​က ပြည်​​ထောင်​စုလွှတ်​​တော် ​အ​ထောက်​အကူပြုအဖွဲ့က လိုက်​ပါ​ဆောင်​ရွက်​​ပေး​နေပြီး သက်​ဆိုင်​ရာ လွှတ်​​တော်​ကိုယ်​စားလှယ်​​တွေကလည်း လိုက်​ပါ ကူညီ​ဆောင်​ရွက်​​ပေး​နေသလို မြန်​မာနိုင်​ငံအမျိုးသား လူ့အခွင့်အ​ရေး​ကော်​မရှင်​ကလည်း ​စောင့်ကြည့်ပေးနေ ပါတယ်​။ ဒီမှုနဲ့ပတ်သက်ပြီး ​နောက်​တပတ်​ရုံးချိန်းကို​တော့ ဇူလိုင် ၁၁ ရက်​ကို ထပ်​မံ ချိန်းဆိုထားပါတယ်​။ သတင်း- အိမမမွန်- နော်နိုရင်း
3 years Ago
Up