ဘဏ္ဍာရေးနှစ်

January 6, 2019

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရသုံးစာရင်းတွင် ကယားနှင့်ရန်ကုန်တိုင်း လိုငွေအနည်းဆုံးဖြစ်

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်ရဲ့ တိုင်းနဲ့ပြည်နယ်တွေ အရ အသုံးစာရင်းမှာ ကယားပြည်နယ်ပြီးရင် ရန်ကုန်တိုင်းဟာ လိုငွေအနည်းဆုံး ဖြစ်ပါတယ်။ ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာနရဲ့ ခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက် အနှစ်ချုပ်မှာ ဖော်ပြထားတာပါ။ ကယားပြည်နယ်ဟာ ရငွေ ၅,၃၃၂ သန်းကျော် ရှိပြီး သုံးငွေ ၆၀,၂၆၆ သန်းကျော် ရှိတာကြောင့် လိုငွေ ၅၄,၉၃၃ သန်းကျော် ရှိနေပါတယ်။ ရန်ကုန်တိုင်းကတော့ သုံးငွေများပေမယ့် ဝင်ငွေလည်းများတာကြောင့် လိုငွေ ဒုတိယအနည်းဆုံး ဖြစ်ပါတယ်။ ပြီးတော့ ရန်ကုန်တိုင်းဟာ တနိုင်ငံလုံးမှာ ရငွေအများဆုံး တိုင်းလည်း ဖြစ်ပါတယ်။ ရန်ကုန်တိုင်းရဲ့ ရငွေဟာ ၅၈၇,၅၄၁ သန်းကျော် ရှိပြီး သုံးငွေကတော့ ၆၅၀,၁၉၄ သန်းကျော် ရှိတာကြောင့် လိုငွေ ၆၂,၆၅၃ သန်းကျော် ရှိပါတယ်။ တိုင်းနဲ့ပြည်နယ်တွေထဲမှာ ရငွေအနည်းဆုံးက ကယားပြည်နယ်ဖြစ်ပြီး အများဆုံးက ရန်ကုန်နဲ့ မန္တလေးတိုင်း ဖြစ်သလို သုံးငွေ အနည်းဆုံးကလည်း ကယားပြည်နယ်ဖြစ်ပြီး သုံးငွေ အများဆုံးက ရန်ကုန်နဲ့ မန္တလေးတိုင်း ဖြစ်ပါတယ်။ ဒါပေမယ့် ရန်ကုန်နဲ့ မန္တလေးတိုင်းတို့ဟာ ကြွေးမြီတွေ ရှိနေတာဖြစ်ပြီး ရန်ကုန်က သန်း ၆၈၀၀၊ မန္တလေးက သန်း ၃၀၀၀ ရှိနေတာပါ။ လိုငွေအများဆုံးကတော့ ၂၂၄,၀၉၀ သန်းကျော်နဲ့ ရှမ်းပြည်နယ်က အများဆုံးဖြစ်ပြီး အစဉ်လိုက်အားဖြင့် စစ်ကိုင်း၊ ကချင်နဲ့ ရခိုင်ပြည်နယ်တို့ ဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ်အားလုံးဟာ ရငွေထက် ပိုသုံးထားတာဖြစ်လို့ လိုငွေ စုစုပေါင်း ၁,၇၉၃,၆၄၅ သန်းကျော် ရှိပြီး ဒီလိုငွေတွေကို ပြည်ထောင်စု ရန်ပုံငွေက ဖြည့်ဆည်းပေးထားပါတယ်။
3 years Ago

July 27, 2017

ဘဏ္ဍာရေးနှစ် ၇ နှစ်အတွင်း စိုက်ပျိုးရေး ရေခွန်ကြွေးကျန် ကျပ် ၂၃ ဘီလီယံကျော်ရှိ

ဘဏ္ဍာရေးနှစ် ၇ နှစ်အတွင်း စိုက်ပျိုးရေး ရေခွန်ပေးဖို့ တိမ်းရှောင်သူတွေ တနှစ်ထက်တနှစ် ပိုများလာပြီး ကြွေးကျန် ကျပ် ၂၃ ဘီလီယံကျော်ရှိတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က ပြောပါတယ်။ ဇူလိုင် ၂၇ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ၂၀၀၆-၂၀၀၇ ခုနှစ်ကနေ ၂၀၁၂-၁၃ ခုနှစ်ထိ ကာလအတွင်း စုစုပေါင်း ရေခွန်ကြွေးကျန် ကျပ် ၂၃ ဒသမ ၁၂၅ ဘီလီယံထိ ရှိတယ်လို့ ဒုဝန်ကြီးက ပြောကြားလိုက်တာပါ။ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်က ဦးအောင်မျိုးရဲ့ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ် နွေးစပါးစိုက်ပျိုးချိန်ကစပြီး ကောက်ခံဖို့ ကျန်နေတဲ့ ရေခွန်ကြွေးကျန်တွေကို တောင်သူတွေလည်း မနစ်နာအောင်၊ သက်ဆိုင်ရာဌာနအနေနဲ့လည်း ဘဏ္ဍာငွေအပြည့်အ၀ရရှိအာင် ဘယ်လိုစီမံဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း မေးခွန်းနဲ့ပတ်သက်ပြီး အခုလို ပြန်လည်ဖြေဆိုခဲ့တာပါ။ “ရေခွန်ကြွေးကျန်တွေရှိနေတာကို သုံးသပ်တာမှာ အဓိကအချက်ကို ရေခွန်မဆောင်တဲ့ တောင်သူလယ်သမားတွေအပေါ် အရေးယူဆောင်ရွက်နိုင်တဲ့ ဥပဒေနဲ့ နည်းဥပဒေပြဋ္ဌာန်းချက်တွေ မရှိခဲ့တဲ့အတွက် တာဝန်သိသိနဲ့ ပေးတဲ့ တောင်သူတွေရှိပေမယ့်လည်း တစ်နှစ်ထက်တစ်နှစ် ရေခွန်ပေးဖို့ တိမ်းရှောင်တဲ့ ဦးရေပိုမိုများလာတာ တွေ့ရပါတယ်” လို့ ဒုတိယ၀န်ကြီး ဦးလှကျော်က ပြောပါတယ်။ ၂၀၀၆-၂၀၀၇ ခုနှစ်မတိုင်ခင်က တစ်ဧကကို ၁၀ ကျပ်နှုန်းသာ ကောက်ခံခဲ့ပေမယ့် ၂၀၀၆-၂၀၀၇ ခုနှစ်ကစပြီး စပါးသီးနှံကို စိုက်ပျိုးရေအပြည့်အ၀ပေးရင် တစ်ဧက ၁၉၅၀ ကျပ်၊ ရေတစ်စိတ်တစ်ပိုင်းပေးဝေရင် (စိုက်ပျိုးရေမ ယူဘဲအောင်ရေပဲယူတာ) တစ်ဧက ၉၀၀ ကျပ်နဲ့ အခြားသီးနှံတွေအတွက် တစ်ဧက ၉၀၀ ကျပ်နဲ့ ပြောင်းလဲ ကောက်ခံခဲ့တယ်လို့ ဆိုပါတယ်။ “ခေတ်ဟောင်းကြွေးကျန်တွေနဲပတ်သက်ပြီး အရင်အစိုးရလက်ထက်က ဒုတိယသမ္မတ ဦးဆောင်ပြီး ခေတ်အဆက်ဆက်ကြွေးကျန်ရှင်းလင်းရေးအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ပါတယ်။ သက်ဆိုင်ရာ ဌာနအသီးသီးကလည်း ကြွေးကျန်တွေရှင်းလင်းရေးကို ဆက်လက်ဆောင်ရွက်နေပါတယ်။ အခုကိစ္စနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့ကို လက် ရှိကြွေးကျန်ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို သုံးသပ်တင်ပြ အဆုံးအဖြတ်ရယူပြီး ကိုယ်စားလှယ်ကြီးဆီကို စာနဲ့ ပြန်လည်ဖြေကြားပေးသွားပါမယ်” လို့လည်း ဒုတိယ၀န်ကြီးက ဆိုပါတယ်။ ၂၀၀၆-၂၀၀၇ ခုနှစ်ကစပြီး ရေခွန်ကို နှုန်းထားသစ်နဲ့ကောက်ခံခဲ့တာ နွေသီးနှံအတွက် ရေခွန်ပမာဏ ကျပ် သန်းပေါင်း ၁၉၅၇ ဒသမ ၁၁၁ ရှိပြီး ကျပ်သန်းပေါင်း ၁၄၂၂ ဒသမ ၅၁၄ ကောက်ခံရရှိတဲ့အတွက် ၇၂ ဒသမ ၆၈ ရာခိုင်နှုန်းကောက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၀၇-၂၀၀၈ ခုနှစ်မှာ ၃၀ ဒသမ ၈၁ ရာခိုင်နှုန်း၊ ၂၀၀၈-၂၀၀၉ ခုနှစ်မှာ ၄ ဒသမ ၃၉ ရာခိုင်နှုန်း၊ ၂၀၀၉-၂၀၁၀ ခုနှစ်မှာ ၂ ဒသမ ၇၀ ရာခိုင်နှုန်း၊ ၂၀၁၀-၂၀၁၁ ခုနှစ်မှာ ၂ ရာခိုင်နှုန်း၊ ၂၀၁၁-၂၀၁၂ ခုနှစ်မှာ ၂ ဒသမ ၀၂ ရာခိုင်နှုန်းနဲ့ ၂၀၁၂-၂၀၁၃ ခုနှစ်မှာ သုည ဒသမ ၅၃ ရာခိုင်နှုန်းပဲ ကောက်ခံရရှိခဲ့လို့ တစ်နှစ်ထက်တစ်နှစ် လျော့နည်းကောက်ခံရရှိခဲ့တယ်လို့ ဆိုပါ တယ်။ ဒါကြောင့် နှစ်အလိုက် ကောက်ခံရရှိမှုအခြေအနေအရ အဲဒီကာလတွေအတွင်း စုစုပေါင်း ရေခွန်ကြွေး ကျန် ကျပ် ၂၃ ဒသမ ၁၂၅ ဘီလီယံ အထိရှိခဲ့တယ်လို့ သိရပါတယ်။
4 years Ago
Up